မြန်မာနိုင်ငံသမိုင်းမှာ ပထမဆုံး လေယာဉ်အပိုင်စီးခဲ့သူ စောကျော်အေး

Zawgyiဖြင့်ဖတ်ရန်

“ဟောဒီမှာကြည့်။ ဒါ အမေရိကန်လုပ် လက်ပစ်ဗုံး။ အင်္ဂလိပ်လုပ်တဲ့ လက်ပစ်ဗုံးမဟုတ်ဘူး လို့ ပြောပြီး ကျွန်တော် လက်ပစ်ဗုံးအတံကို သွားနဲ့ကိုက်ပြီးဖြုတ်လိုက်တယ်။ အတံက အောက်ကို ပြုတ်ကျတယ်။ ဒီမှာကြည့်၊ ခိုင်းတာမလုပ်ရင် အကုန်သေမှာပဲ ဆိုပြီး ပြောတာ” လို့ မြန်မာပြည်က ပထမဆုံးလေယာဉ်ပြန်ပေးဆွဲသူ ကရင်လူမျိုး စောကျော်အေးက ၁၉၅၄ ခုနှစ် လေယာဉ်ပြန်ပေး ဆွဲတုန်းက နိုင်ငံခြားသားလေယာဉ်မှူးနဲ့ အချေအတင်ဖြစ်ခဲ့တာကို ပြန်ပြောပြပါတယ်။

စိတ်ကူးယဉ်ဆန်တဲ့ သည်းထိတ်ရင်ဖိုစွန့်စားမှုကို ကရင်အမျိုးသားကာကွယ် ရေးအဖွဲ့ KNDO တပ်ဖွဲ့ဝင်ဖြစ်တဲ့ စောကျော်အေးက အကောင်အထည်ဖော်လိုက်ပါတယ်။ ကမ္ဘာပေါ်မှာ အစောဆုံးလို့ ပြောနိုင်တဲ့ လေယာဉ်ပြန်ပေးဆွဲမှုကို စောကျော်အေး က တိတ်တဆိတ်ကြံစည်ခဲ့တာပါ။ အဲဒီဖြစ်ရပ်ဟာ မြန်မာပြည်က ပထမဆုံးလေယာဉ်ပြန်ပေးဆွဲမှုလို့ သမိုင်းတွင်ခဲ့ပါတယ်။

ရန်ကုန်မြို့ကနေ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နဲ့ စစ်တွေမြို့ကို သွားမယ့် ခရီးသည်တင် လေယာဉ် တစင်းကို အပိုင်စီးပြီး ကရင်ပြည်နယ်တောင်ပေါ်ဒေသမှာ ဂျပန်စစ်သားတွေချန်ခဲ့တဲ့ လက်နက်ခဲ ယမ်းတွေကို သွားရှာပြီး လေယာဉ်ပျံနဲ့ ဧရာဝတီတိုင်းကို သယ်ယူမယ့် အစီအစဉ်ပဲ ဖြစ်ပါတယ်။ စောကျော်အေး ကိုယ်တိုင်ဦးဆောင်ပြီး စီစဉ်ဆောင်ရွက်ခဲ့တာပါ။ သူအဖွဲ့သားတွေကတော့ စောသိန်းကျော်နဲ့ စောအငြိမ်းတို့ဖြစ်ပါတယ်။

“ကျွန်တော် အထက်ကလူကြီးတွေကို ဒီအစီအစဉ်ကိုတင်ပြတယ်။ လိုအပ်တဲ့ ငွေကြေးအကူအညီကို ပထမဆုံး ဗိုလ်ချုပ်ကြီးကော်ထူးကို သွားတောင်းတယ်။ အဲဒီမှာ သူပြောလိုက်တဲ့စကားတလုံးက ဗိုလ်ကျော်အေး မင်းအခုလုပ်မယ့်ဟာက မဖြစ်ဘူးလည်း ငါမပြောလိုဘူး၊ ဖြစ်တယ်လို့လည်း ငါမပြောနိုင်ဘူးတဲ့။ မင်းစိတ်သဘောနဲ့ မင်းဆုံးဖြတ်ကွာတဲ့။ ငါကတော့ အမိန့်မပေးဘူးတဲ့။ ငါအမိန့်မပေးလည်း မင်းလုပ်ပိုင်ခွင့်ရှိတယ်တဲ့။ အဲဒီလောက်ပြောတယ်ဆိုရင် ရပြီဆိုပြီး အစီအစဉ်ကို စတင်ဖို့စီစဉ်လိုက်တယ်” လို့ အခု အသက် ၉၇ နှစ်ရှိပြီဖြစ်တဲ့ အဖိုးစောကျော်အေးက ပြောပါတယ်။

လေယာဉ်ပြန်ပေးဆွဲမှုမလုပ်ခင်မှာ လေယာဉ်တချို့ကို လိုက်စီးပြီး လေ့လာခဲ့ပါသေးတယ်လို့ သူကပြော ပါတယ်။ ဇွန်လ ၂၅ ရက်နေ့ ၁၉၅၄ ခုနှစ်မှာတော့ ရန်ကုန်မြို့ကနေ ရခိုင်ပြည်နယ်ဘက်ကို သွားတဲ့ Dakota အမျိုးအစား ခရီးသည်လေယာဉ်တစင်းနဲ့ စောကျော်အေးနဲ့ အဖွဲ့က လိုက်သွားပြီး အစီအစဉ်စပါတော့တယ်။ လေယာဉ်ပေါ်မှာ လူ ၁၀ ယောက်ကျော် လိုက်ပါသွားခဲ့ပါတယ်။

လေယာဉ်ထွက်မယ့် အချိန်နီးလာပေမယ့် ရောက်မလာသေးတဲ့ ဗိုလ်ကြီးအဆင့်ရှိအရာရှိ တယောက်ကို အသံချဲ့စက်နဲ့ အော်နေတာကို ကြားပြီး စိုးရိမ်မိတယ်လို့ စောကျော်အေး က ပြောပါတယ်။ သူတို့လုပ်မယ့် အစီအစဉ်ကို ရိပ်မိလို့ မရောက်လာတာ များလားလို့ စိုးရိမ်မိတာပါ။ နောက်ဆုံးမှာ အဲဒီအရာရှိရောက်လာပြီး လေယာဉ်ပေါ်တက်လိုက်ပါတယ်။

ဖြစ်ချင်တော့ အရာရှိက စောကျော်အေးရှေ့ကထိုင်ခုံမှာ ထိုင်လိုက်ပါတယ်။ လေယာဉ်ထွက်ခွာပြီး မကြာခင်မှာပဲ စောကျော်အေးက အဲဒီအရာရှိကို အနားသွားပြီး ကပ်ပြီးပြောလိုက်ပါတယ်။

ဗိုလ်ကြီး ဒီလေယာဉ်ကို ကျွန်တော်အပိုင်စီးမယ်။ ခင်ဗျား အေးဆေးနေပါ။ ဒီနေရာမှာ ခင်ဗျားက တာဝန်နဲ့ ခရီးသွားနေရတဲ့အတွက် ခင်ဗျားကိုကျွန်တော်ရန်သူလို့ သဘောမထားဘူး။ ဒါပေမယ့် ကျွန်တော့်အစီအစဉ်ကို နှောက်ယှက်ဖို့ ကြိုးစားရင်တော့ ခင်ဗျားကို အရှင်ထားမှာမဟုတ်ဘူး။ ဒီမှာကြည့်ဆိုပြီး သူ့ခါးကိုထောက်ထားတဲ့ ကျွန်တော့်ရဲ့ ပစ္စတိုသေနတ်ကို ညွှန်ပြလိုက်တယ်။ လက်ကိုပုခုံးပေါ်တင်လိုက်၊ မလှုပ်နဲ့ တလက်မမှ မရွေ့နဲ့၊ ရွေ့ရင်တော့ ဟိုမှာ ကျွန်တော့်လူနှစ်ယောက် ခင်ဗျားကိုပစ်သတ်လိမ့်မယ်ဆိုပြီး ပြောလိုက်တယ်။ သူလည်းကြောက်ပြီး ပုခုံးပေါ်လက်တင်ပြီး ငြိမ်ငြိမ်လေးနေပါတယ်။

သူ့ကိုပြောပြီး ကျွန်တော်က လေယာဉ်မှူးတွေထိုင်တဲ့ အခန်းထဲကို သွားလိုက်တယ်။ စိတ်ထဲမှာတော့ လေယာဉ်ခေါင်းနဲ့ကိုယ်ထည်အကြားက အခန်းတံခါးကို ပိတ်ထားရင်တော့ အခက်ကြုံမှာပဲ။ ဒါပေမယ့် အဲ့ဒီတံခါးကို မပိတ်ထားတော့ ကျွန်တော်ဖွင့်ပြီး ဝင်လိုက်တယ်။ မလှုပ်နဲ့၊ ကျွန်တော်မောင်းခိုင်းတဲ့နေရာကို မောင်းပါဆိုပြီး ပြောလိုက်တယ်။ လေယာဉ်ကွင်းနဲ့အဆက်အသွယ်လုပ်တဲ့ ဆက်သွယ်ရေးဂြိုဟ်တုဖုန်းရဲ့ကြိုးတွေကို ကျွန်တော်ဆွဲဖြုတ်လိုက်တယ်။

လေယာဉ်မောင်းနှစ်ယောက်ထဲမှာ တယောက်က နိုင်ငံခြားသားဖြစ်နေပါတယ်။ စောကျော်အေးဝင်လာပြီး ညွှန်ကြားတော့ နိုင်ငံခြားသားလေယာဉ်မောင်းက အင်္ဂလိပ်လို What is this? ဆိုပြီးလှမ်းမေးလိုက်တယ်။ အဲ့ဒီအချိန်မှာ စောကျော်အေးက သူက သူခိုး၊ ဓားပြတွေမဟုတ်တဲ့အကြောင်း၊ ကရင်တော်လှန်ရေးသမားတွေ ဖြစ်တဲ့အကြောင်းကို ပြောလိုက်တယ်။ နောက်ပြီး လေယာဉ်မောင်းတွေကို ညွှန်ကြားလိုက်တယ်။ ဒါပေမယ့် နိုင်ငံခြားသားလေယာဉ်မောင်းက လေယာဉ်ကို ရန်ကုန်ဘက်ကို ပြန်ကွေ့နေတာကို စောကျော်အေးသတိထားမိတော့ မင်းဘာလုပ်တာလဲဆိုပြီး အော်လိုက်တယ်။ လေယာဉ်မှူးက ဂရုမစိုက်ပဲ၊ မသိချင်ယောင်ဆောင်လိုက်တယ်။ ရန်ကုန်နဲ့ တော်တော်နီးလာပြီးမို့ ဒီအတိုင်းထားလို့မဖြစ်ဘူးဆိုပြီး သူကသေနတ်ဆွဲထုတ်လိုက်ပြီး အော်ပြောလိုက်တယ်။

“ဒီမှာကြည့်။ ခိုင်းတာမလုပ်ရင် ပစ်သတ်လိုက်မယ်။ အဲဒီမှာ ဗမာလေယာဉ်မောင်းအကူက နိုင်ငံခြားသားလေယာဉ်မှူးကို အင်္ဂလိပ်လို ပြောလိုက်တယ်။ ခရီးသည်တွေလည်း အများကြီးရှိတယ်ပေါ့။ ခရီးသည်တွေ အကုန်လုံးသေလိမ့်မယ်။ ခရီးသည်တွေအတွက်လည်း ထည့်တွက်ပါဆိုပြီး ပြောလိုက်တယ်” လို့ စောကျော်အေးက ပြောပါတယ်။

နောက်ဆုံးတော့ နိုင်ငံခြားသားလေယာဉ်မှူးက စောကျော်အေးပြောတာ လိုက်နာပြီး မောင်းခိုင်းတဲ့နေရာကို မောင်းနှင်ခဲ့ပါတယ်။ စောကျော်အေးက သူ့လုပ်ဖော်ကိုင်ဖက် ကရင်စစ်သားတွေ လာစောင့်ခိုင်းတဲ့ ချိန်းထားတဲ့ နေရာကွင်းပြင် တခုမှာ လေယာဉ်ဆင်းသက်ဖို့ ပြောလိုက်တယ်။ ကွင်းပြင်နဲ့နီးကပ်လာပေမယ့် စောကျော်အေးက သူ့လုပ်ဖော်ကိုင်ဖက်တွေကို မတွေ့ခဲ့ပါဘူး။ လေယာဉ်နဲ့ အကြိမ်ကြိမ်ပတ်ပြီးရှာပေမယ့် မတွေ့တော့ လေယာဉ်မှူးက စိတ်ညစ် လာခဲ့ပါတယ်။

ဘယ်မှာလဲ မင်းလူတွေ ဆိုပြီး စောကျော်အေးကို လေယာဉ်မှူးကမေးပါတယ်။ ခင်ဗျားမောင်းခိုင်းတဲ့အတိုင်း မောင်းနေတာပဲ ဘယ်သူမှလည်း မတွေ့ဘူးဆိုပြောပြီး ဆက်မမောင်းနိုင်တော့ဘူးလို့ စောကျော်အေးကို ပြောလိုက်ပါတယ်။

စောကျော်အေးကလည်း ဘာမှပြန်မပြောနိုင်ပဲ ရှေ့ဆက်ပြီး ဘယ်လိုလုပ်ရင်ကောင်းမလဲ စဉ်းစားနေခဲ့ပါတယ်။ နောက်ပြီးလေယာဉ်မှူးကို လေယာဉ်ဆင်းလို့ရတဲ့ တနေရာကို မောင်းခိုင်းပါတယ်။ လေယာဉ်မှူးက မမောင်းနိုင်ဘူးဆိုပြီး ပြန်ပြောပါတယ်။ စောကျော်အေးက လက်ပစ်ဗုံးတလုံး ဆွဲထုတ်လိုက်ပြီး လေယာဉ်မှူးကို ပြလိုက်တယ်။

“ငါသေရင် အပြုံးနဲ့သေမယ်။ ဘာဖြစ်လို့လဲဆိုတော့ ငါ့ကရင်လူမျိုးအတွက် ငါသေမှာ။ ငါဂုဏ်ယူတယ်။ မင်းက ခွေးလို၊ ဝက်လိုသေမှာ။ မသေခင် အားလုံးဆုတောင်း လို့ရတယ်ဆိုပြီး ကျွန်တော်ပြောလိုက်တယ်။ ကျွန်တော်လည်း ဆုတောင်းလိုက်ပြီး တစ်၊ နှစ် အော်တဲ့အချိန်မှာ လေယာဉ်မှူးက နေဦး၊ နေဦး ဆိုပြီး အင်္ဂလိပ်လို့ပြောပြီး သူဆက်မောင်းပါမယ်” လို့ ပြောတယ်လို့ စောကျော်အေးက ပြန်ပြောပြပါတယ်။

နောက်ဆုံးတော့ သဲသောင်ပြင်တခုမှာ လေယာဉ်ဆင်းသက်နိုင်ခဲ့ပါတယ်။ လေယာဉ်ပျံက ရခိုင်ပြည်နယ်၊ ဂွမြို့နယ် မကြီးဇင်ရွာမှာ ဆင်းသက်ခဲ့တာပါ။ လေယာဉ်ဆင်းပြီးတဲ့နောက် ခရီးသည်တွေက ပျော်ပြီး လက်ခုပ်တွေ တီးကြတယ်။ စောကျော်အေးကိုလည်း လက်ဆွဲနှုတ်ဆက်တယ် လို့ ဆိုပါတယ်။

ခရီးသည်တွေကို ဆင်းခိုင်းပြီး လေယာဉ်ပျံပေါ်မှာပါတဲ့ပစ္စည်းတွေကို ဗိုလ်ကျော်သိန်းနဲ့ စောအငြိမ်း တို့ကိုရှာခိုင်းတယ်။ ငွေသား ၇ သိန်းကျော် ထည့်ထားတဲ့ သေတ္တာကိုရှာတွေ့ခဲ့တယ်။ ဒီငွေတွေဟာ ပြည်သူငွေတွေမဟုတ်ဘူး၊ အစိုးရငွေတွေ ဖြစ်တဲ့အတွက် ငါ့တို့ယူသွားမယ်ဆိုပြီး စောကျော်အေး က ပြောလိုက်ပါတယ်။

ခရီးသည်တွေနဲ့ လေယာဉ်မောင်းတွေကိုလည်း ပြန်လိုရာပြန်နိုင်ကြောင်း ပြောလိုက်ပါတယ်။ လေယာဉ်မောင်းနဲ့ခရီးသည်တွေက ပျော်ကြတယ်။ လေယာဉ်ဆီက နည်းပေမယ့် စစ်တွေလောက်တော့ ရောက်တယ်လို့ လေယာဉ်မောင်းတွေက ပြောကြတယ်။ လေယာဉ်တက်လို့ရတဲ့ ပြေးလမ်းကို ရှာကြတယ်။ နောက်ပြီး သဲသောင်ပြင်ကနေ ပင်လယ်ကမ်းခြေကိုပတ်ပြီး ပျံတက်သွားတယ်။

စောကျော်အေးနဲ့ သူ့အပေါင်းအပါနှစ်ယောက်က လေယာဉ်ကိုငေးကြည့်နေခဲ့ပါတယ်။ လေယာဉ်ဗိုက်နဲ့ တရွတ်တိုက်တဲ့ ပင်လယ်ရေတွေဟာ လေယာဉ်ပျံအတက်မှာ မိုးရွာသလိုကျလာတာကို မြင်ခဲ့ရ တယ်လို့ စောကျော်အေးက ပြန်ပြောပါတယ်။

စောကျော်အေး၊ စောအငြိမ်းနဲ့ ဗိုလ်ကျော်သိန်းတို့ သုံးယောက် ငွေသေတ္တာကို သယ်ပြီး သူတို့လုပ် ဖော်ကိုင်ဘက် ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့ KNDO စစ်သားတွေနဲ့ အဆက်အသွယ်ပြန်ရဖို့ ခရီးဆက်ခဲ့ကြပါတယ်။ လမ်းမှာလည်း တိုက်ခိုက်ခံရတယ်လို့ ဆိုပါတယ်။ ကရင်ပြည်နယ်က လက်နက်ခဲယမ်းတွေကို လေယာဉ်နဲ့သယ်မယ့် အစီအစဉ်လည်း မအောင်မြင်ပဲဖြစ်ခဲ့ရပါတယ်။

စောကျော်အေးနဲ့ အပေါင်းအပါနှစ်ယောက် လုပ်ဖော်ကိုင်ဖက်ဖြစ်တဲ့ ဗိုလ်အော်စဘွန်း နဲ့ပြန်ဆုံတဲ့အခါမှာ ချိန်းထားတဲ့နေရာကို ဘာကြောင့်လာမစောင့်တာလဲလို့ မေးကြည့်ခဲ့တော့ ဗိုလ်အောင်စဘွန်းက သူတို့သွား မယ့်လမ်းမှာ ဗမာ့တပ်မတော် စစ်တပ်က အင်အားတိုးချဲ့ပြီး လုံခြုံရေးယူထားတဲ့အတွက် ချိန်းထားတဲ့နေရာ ကို မလာဖို့ဆုံးဖြတ်ခဲ့တာလို့ ပြန်ပြောပါတယ်။

အောင်စဘွန်းက သူတို့လာမယ့်လမ်းမှာ တပ်မတော်က အင်အားချထားတာကို သတင်းရထားတယ်။ သူတို့ကလည်း အင်အားမမျှတော့ အန္တရာယ်များတယ်။ နောက်ပြီး ကျွန်တော်တို့ရဲ့အစီအစဉ်ကလည်း မိုးထဲလေထဲမှာပဲရှိနေသေးတယ်။ အစီအစဉ်ဖြစ်၊ မဖြစ် သေသေချာချာမသိတော့ ချိန်းထားတဲ့နေရာကို မလာစောင့်ဘူးလို့ စောကျော်အေးက ပြောပါတယ်။

စောကျော်အေးဟာ ၁၉၅၆ ခုနှစ်မှာ အလင်းပြန်ဝင်ပြီး ငြိမ်းချမ်းရေးအကျိုးဆောင်အဖြစ်ဆောင်ရွက်ခဲ့သလို ဘာသာရေးဘက်ကိုပဲ အားစိုက်ထုတ်ခဲ့ပါတယ်။ အလင်းပြန်ဝင်ခဲ့တဲ့အတွက် လေယာဉ်ပြန်ပေးဆွဲတာနဲ့ ပတ်သက်လို့ မြန်မာအစိုးရက တစုံတရာ အရေးယူမှုတွေမရှိခဲ့ဘူးလို့ စောကျော်အေးက ပြောပါတယ်။

လက်ရှိမှာတော့ အသက် ၉၇ နှစ်အရွယ်ရှိတဲ့ အဖိုးစောကျော်အေးဟာ ရန်ကုန်မြို့မှာ သမီးတွေနဲ့ အတူနေထိုင်ပြီး ဘုရားတရားကိုပဲ အားထုတ်တယ်လို့ သမီးတွေက ပြောပါတယ်။ ဘာသာရေး ကိုင်းရှိုင်းတဲ့ အဖိုးစောကျော်အေး က ဘုရားသခင် ကောင်းချီး ပေးလို့ အခုထိအသက်ရှည်နိုင်တာ လို့ သူ့နေအိမ်မှာ တွေ့တုန်းက ပြောပါတယ်။
အရင်က စွန့်စားခန်းအဖြစ်အပျက်တွေကို ပြန်ပြောရင်း စောကျော်အေးက “လေယာဉ်ကို ဓားပြတိုက်တယ်၊ ပြန်ပေးဆွဲတယ်လို့ပြောရင် ကျွန်တော်သိပ်ရင်နာတယ်။”

“ငါအသက်ပေးပြီးတော့ အမျိုးသားအတွက် ဆောင်ရွက်နေတာကို ဘယ့်နှယ်ဓားပြတိုက်ရမှာ လဲ” လို့ စောကျော်အေးက ပြောပါတယ်။

“ကျွန်မအဖေက အဲဒီလေယာဉ်ပျံကို အပိုင်စီးတာတဲ့။ အဲဒီလေယာဉ်ပျံကို ခဏယူသုံးတဲ့သဘော ပေါ့။ အဲဒီလေယာဉ်ပျံ ယူသုံးပြီးရင် ပြန်ပေးမှာပါလို့ စောကျော်အေး သမီးဖြစ်သူကလည်း ဘေးကနေ ထပ်လောင်းပြောပါတယ်။

Credit – BBC

Leave a Reply

Your email address will not be published. Required fields are marked *