ကျွဲမြီးဆွဲ (ပုံပြင်) “အခွင့်အရေးကျွဲမြီးများကို အမိအရ ဆွဲနိုင်ကြပါစေ”

ကျွဲမြီးဆွဲ (ပုံပြင်)
ကျွဲမြီးဆွဲ (ပုံပြင်)

ကျွဲမြီးဆွဲ (ပုံပြင်)

တစ်ခါတုန်းက လူငယ်တစ်ဦးဟာ လယ်သမားကြီးတစ်ဦးရဲ့ သမီးကို ချစ်ခင်နှစ်သက်နေပါသတဲ့..။ သူဟာ အဲဒီအမျိုးသမီးလေးကို ချစ်မြတ်နိုးလှတာကြောင့် သွားလည်းဒီစိတ်၊ စားလည်းဒီစိတ်ဆိုသလို နေ့ရောညပါ မအိပ်နိုင် မစားနိုင်ဖြစ်လို့လာတယ်။

တစ်နေ့မှာတော့ သူဟာသူ့ရဲ့ချစ်စိတ်ကို အောင့်အီးနိုင်စွမ်းမရှိတော့တာကြောင့် မိန်းကလေးရဲ့ ဖခင်ဖြစ်တဲ့ လယ်သမားကြီးဆီကို သွားပြီး ဒီလိုပြောဆိုတယ်

“ဦးကြီးခင်ဗျား.. နားနဲ့မနာ ဖဝါးနဲ့နာပါခင်ဗျာ။ ကျွန်တော်ဟာ ဦးကြီးရဲ့ သမီးကို အင်မတန် ချစ်မြတ်နိုးမိနေပါတယ်။ တကယ်လို့များ ဦးကြီးဟာ ကျွန်တော့်ကို ဦးကြီးရဲ့သမီးကို လက်ထပ်ခွင့်ပြုမယ်ဆိုရင်တော့ ကျွန်တော့်ရဲ့ အသက်နဲ့ရင်းပြီး ဦးကြီးရဲ့သမီးကို ရှာဖွေကျွေးမွေးမှာပါခင်ဗျာ”

အဲဒီလို လူငယ်ရဲ့စကားကို ကြားတဲ့အခါ လယ်သမားကြီးက အချိန်အတော်ကြာအောင် ငြိမ်သက် စဉ်းစားနေတယ်။ သူဟာ စဉ်းစားနေလိုက်၊ လူငယ်ကို ကြည့်ပြီး အကဲခတ်လိုက်နဲ့ အတော်ကြာအောင် ပြုလုပ်နေပြန်တယ်။ အဲဒီနောက်မှာတော့ သူက ဒီလိုပြောခဲ့တယ်

“ကောင်းပြီလေ…။ မင်းငါ့သမီးကိုလက်ထပ်ဖို့ ဒီအတိုင်းတော့ ခွင့်ပြုမပေးနိုင်ဘူး..။ ယောက်ျားတစ်ယောက်ဟာ လိုအပ်တဲ့ အားခွန်ဗလနဲ့ လျင်မြန်ဖြတ်လတ်မှုတော့ လိုတယ်လို့ငါထင်တယ်။

အဲဒီအတွက် စမ်းသပ်ချက်တစ်ခုကိုတော့ မင်းကို လုပ်မှဖြစ်မယ်။ မင်းဟာ ဘယ်လောက် ခွန်အားဗလနဲ့ပြည့်စုံလည်း၊ လျှင်မြန်ဖြတ်လတ်လဲ ဆိုတာကို ငါ့အနေနဲ့စမ်းသပ်ကြည့်ရမယ်။ ဟိုးမှာတွေ့လား.. ငါ့ရဲ့လယ်ကွင်းအစပ်က ကန်သင်းရိုး..။ မင်း..အဲဒီကန်သင်းရိုးပေါ်မှာ သွားပြီး ရပ်စောင့်နေရမယ်..။ မင်းဆီကို ငါက ကျွဲရိုင်းသုံးကောင်းကို တစ်ကောင်ချင်းစီ လွှတ်လိုက်မယ်..။

မင်းဟာ အဲဒီကျွဲသုံးကောင်ထဲက တစ်ကောင်ကောင်ရဲ့ အမြီးကို ပိုင်ပိုင်နိုင်နိုင် ဆွဲနိုင်ရမယ်..။ မင်းအောင်မြင်ရင်.. ငါ့သမီးကို မင်းရမယ်။ မင်းကျွဲမြီးကို မဆွဲနိုင်ဘူးဆိုရင်တော့ ငါ့သမီးကို မင်းလက်ထပ်ခွင့် ရမှာမဟုတ်ဘူး.. ဘယ်လိုလဲ ကောင်လေး.. သဘောတူရဲ့လား”

လူငယ်ဟာ.. အတန်ကြာ စဉ်းစားနေခဲ့တယ်။ အဲဒီနောက်မှာတော့ သူဟာ စိတ်ဆုံးဖြတ်ပြီးတဲ့နောက် “လုပ်မယ်ဗျာ” လို့ ယောက္ခမလောင်း လယ်သမားကြီးကို စိန်ခေါ်လိုက်တော့တယ်..။

အဲဒီလိုနဲ့ လူငယ်ဟာ လယ်ကန်သင်း အစပ်မှာ ခြေထောက်နှစ်ချောင်းကို ခပ်ချဲချဲရပ်ရင်း အသင့်အနေအထားနဲ့ စောင့်နေခဲ့တယ်။ ခဏအကြာမှာတော့ လယ်သမားကြီးရဲ့ နွားတင်းကုပ်တံခါးဟာ ပွင့်လာခဲ့တယ်။ အဲဒီလို နွားတင်းကုတ်တံခါး ပွင့်လျင်ပွင်ချင်းဘဲ လူငယ်ရဲ့ တစ်သက်တာမှာ အကြီးဆုံးလို့မြင်ခဲ့ဘူးတဲ့ ကျွဲထက် ပိုမိုကြီးမားတဲ့ ကျွဲရိုင်းကြီးတစ်ကောင်ဟာ လူငယ့်ဆီကို ဦးတည်ပြေးလွှားလာနေခဲ့တယ်။

“အောင်မလေး.. နည်းတဲ့ကောင်ကြီးမဟုတ်ဘူးဟ..။ အမြန်ရှောင်မှပဲ။ နောက်ထပ် ကျွဲနှစ်ကောင်ရှိပါသေးတယ်။ ဒီကောင်ကြီးရဲ့ အမြီးကို ဆွဲဖို့ဆိုတာ လွယ်မှာမဟုတ်ဘူး” လူငယ်ဟာ အဲဒီလိုတွေးပြီး ကျွဲကြီးကို ရှောင်ရှားလိုက်တယ်။

အဲဒီနောက်မှာလည်း သူဟာ ပြန်လည်အသင့်ပြင်လိုက်ပြီး ဒုတိယမြောက် ကျွဲကို စောင့်စားနေပြန်တယ်..။ ဒီတစ်ကြိမ်မှာလည်း ပထမကျွဲလောက်နီးနီး ကြီးမားတဲ့ ကျွဲကြီးတစ်ကောင် ထွက်လာပြန်တယ်..။ လူငယ်ဟာ

“ဒီကောင်ကြီးလည်း မလွယ်လောက်ဘူးဟ၊ ငါရှောင်ဦးမှပါ၊ နောက်ဆုံးတစ်ကောင် ကျန်သေးတာပဲ” လို့တွေးပြီး နောက်ဆုံးသော ကျွဲကို စောင့်ခဲ့ပြန်တယ်..။ အဲဒီလိုနဲ့လူငယ်ဟာ အသင့်အနေအထားနဲ့ စောင့်ဆိုင်းပြန်တယ်

“ဒီတစ်ကြိမ်မှာတော့ ဆင်လောက်ပဲကြီးတဲ့ အကောင်လာစမ်းပါစေ၊ ငါ့လက်က မလွတ်စေရဘူး” လို့ ပြောပြီး လက်ခမောင်းကို တဖြောင်းဖြောင်းမည်အောင် ခတ်လိုက်တယ်.။

သူစောင့်စိုင်းနေစဉ်မှာပဲ လယ်သမားကြီးဟာ နောက်ထပ် ကျွဲတစ်ကောင်ကို လွှတ်လိုက်တယ်။ ဒီတစ်ကြိမ်မှာတော့ လူငယ်အတွက် ဝမ်းသာစရာတွေဖြစ်လာခဲ့တယ်..။ အဲဒါကတော့ လယ်သမားကြီးလွှတ်လိုက်တဲ့ ကျွဲဟာ ဆိတ်ကြီးကြီးတစ်ကောင်သာသာ အရွယ်သာရှိတဲ့ ကျွဲပိန်ကလေးဖြစ်လို့နေတာပဲဖြစ်တယ်။

“ဟား..ဟား..။ ယောက္ခမကြီးရေ..ကျေးဇူးပဲဗျာ” လို့ လူငယ်က ခပ်ပြုံးပြုံးနဲ့ ရေရွတ်ပြောဆိုတယ်..။ လူငယ်ဟာ လျင်မြန်စွာနဲ့ပဲ ကျွဲပေါ်ကိုခုန်တက်ကာ ကျွဲမြီးကို ဆွဲလိုက်တယ်..။ ဒါပေမယ့်လည်း ဒီတစ်ကြိမ်မှာလည်း သူကံမကောင်းအကြောင်းမလှ ဖြစ်ခဲ့ပြန်တယ်။ အကြောင်းကတော့ တတိယမြောက်ကျွဲမှာ အမြီးမပါလို့ပဲဖြစ်တယ်။

ဒီပုံပြင်လေးက ကျွန်တော်တို့ကို ပြောပြထားတာတွေရှိတယ်..။ ကျွန်တော်တို့ဟာ ပုံပြင်ထဲက လူငယ်လေးနဲ့ တူတယ်လို့ဆိုမယ်။

လယ်သမားရဲ့သမီးချောနဲ့တူတဲ့ အောင်မြင်ကြီးပွားခြင်းကို မက်မက်မောမော အရယူလိုသူမျာဖြစ်တယ်လို့ဆိုချင်တယ်..။ ဘဝရဲ့ လယ်ကန်သင်းပေါ်မှာ အကြိမ်ကြိမ်အသင့်ပြင်ရင်း အခွင့်အရေးကျွဲမြီးတွေကို ဆွဲဖို့ ကြိုးစားသူများဖြစ်တယ်။

အဲဒီလို ကြိုးစားနေပေမယ့်လည်း အခွင့်အရေးကောင်းတွေ ကိုယ့်ရှေ့မှာ ဆိုက်ရောက်လာတဲ့ အခါမှာတော့ “ပင်ပန်းလွန်းတယ်” “ဒါ့ထက်ကောင်းတာ ရှိဦးမှာပါလေ” “နောက်တစ်ခုစောင့်ဦးမယ်၊ စောသေးတယ်” စတဲ့ ဆင်ခြေတွေနဲ့အတူ ကျွဲမြီးတွေကို ဆွဲဖို့ တုံ့ဆိုင်းနေတတ်ကြတယ်လို့ဆိုတယ်။

အဲဒီလိုတုံ့ဆိုင်းရင်းနဲ့ပဲ ကိုယ့်ရမှာမဲ့ အခွင့်အရေးတွေဟာ တစ်ခုပြီးတစ်ခု ကိုယ့်အနားက ထွက်ခွာသွားတတ်သေးတယ်။

တကယ်တမ်း လူငယ်လို အားအင်အပြည့် လက်ခမောင်းခတ်ခါ “ဒီတစ်ခါ အခွင့်အရေးကိုတော့ လက်လွတ်မခံတော့ဘူး” လို့ ကြွေးကြော် စောင့်ဆိုင်းချိန်မှာတော့ အခွင့်အရေးတစ်စုံတစ်ရာမှ ရောက်မလာတော့ဘဲ ဖြစ်နေတတ်တယ်လို့ဆိုတယ်။

ဆိုလိုတာကတော့ အခွင့်အရေးရတုံးရခိုက်မှာ ရွှေ့ဆိုင်းနေ၊ တုံ့ဆိုင်းတွေေ၀ ကြောက်ရွံ့မနေဘဲ အမိအရ ဆုတ်ကိုင်သင့်လှတယ်။ လောကမှာရှိနေကြတဲ့လူတိုင်းဟာ အခွင့်အရေးဆိုတဲ့လှေခါးထစ်၊ ကျွဲမြီးတွေကိုဆွဲဖို့ ရည်ရွယ်စောင့်ဆိုင်း နေကြသူချည်းပဲဖြစ်တယ်လို့ဆိုမယ်။

အဲဒီလို အခွင့်အရေးတွေကို အမိအရဆုတ်ကိုင်ပြီး အောင်မြင်မှုကို ကြိုးစားကြသူများထဲမှာ နှစ်မျိုးနှစ်စားတော့ ကွဲနေကြပြန်တယ်။ တစ်မျိုးသော သူတွေဟာ အခြေအနေနဲ့ ကံတရားအပေါ်ကို ယုံကြည်မှုလွန်ကဲနေ၊ တွက်ဆနေတတ်တဲ့ ပုံပြင်ထဲက လူငယ်လိုဖြစ်ကြပြီး၊ နောက်တစ်မျိုးကတော့ အကျိုးအကြောင်းအပေါ်မှာသာ ယုံကြည်ကြသူတွေပဲဖြစ်တယ်။

ပထမတစ်မျိုးဖြစ်တဲ့ “ဖြစ်နိုင်ပါ့မလား၊ နောင်အခွင့်အရေးတွေလည်း ရှိနေပါသေးတယ်လေ၊ ဒါကတော့ ပင်ပန်းလွန်းတယ်ထင်တယ်” လို့ ပြောဆိုလေ့ရှိပြန်တယ်။ နောက်တစ်မျိုးဖြစ်တဲ့ ” ငါ့ရဲ့ရည်ရွယ်ချက်ဟာ ဒါပဲဖြစ်တဲ့အတွက် ဒါကိုလုပ်မှသာ အကျိုးရလာမှာဖြစ်တဲ့အတွက် အောင်မြင်ခြင်းကို ရနိုင်မယ်” ဆိုတဲ့ လူစားမျိုးပဲဖြစ်တယ်

“ပေါ့တန်သောလူတွေဟာ ကံတရားနဲ့အခြေအနေကိုသာသုံးသပ်တတ်ပြီး၊ ကြံ့ခိုင်တဲ့လူတွေကတော့ အကျိုးအကြောင်းကိုသာ ဆင်ခြင်တယ်” လို့ ဆိုလိုတာပဲဖြစ်တယ်။

ကျွန်တော်တို့တွေဟာလည်းပဲ ကံတရားရဲ့ဖေးမမှုနဲ့ နောင်လာမဲ့ အခွင့်အရေးတွေကို စောင့်မျှော်နေမယ့်အစား လတ်တလောရောက်လာတဲ့ အခွင့်အရေးတွေကိုသာ အမိအရ ဆုတ်ကိုင်သင့်တယ်လို့ဆိုချင်တယ်။
အဲဒီလိုမှ မဟုတ်ရင်တော့ လယ်သမားရဲ့သမီးချောနဲ့ ဝေးကွာတဲ့ လူငယ်ရဲ့အဖြစ်မျိုးသာ ဖြစ်မယ်လို့ ဆိုလိုတာပဲဖြစ်တယ်။

လောကမှာ ဘယ်ရာပဲဖြစ်နေပါစေ ပထမတစ်ကြိမ် လက်လွှတ်သွားတဲ့ပါမူ ဒုတိယအကြိမ်မှာတော့အမိအရ ဖမ်းဆွဲနိူင်အောင်ကြိုးစားပါ ခွန်အားဆိုက်ထုတ်လိုက်ပါ တတိယ အကြိမ်ဆိုတာ ပုံပြင်ထဲကလို့ ကံကြမ္မာကကိုယ့်ဘက်မှာ မရှိတော့လို့ ဒီပုံပြင်လေးကို သင်ခန်းစာအဖြစ်ယူပြီး ခွန်အားဖြစ်နိူင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်ခင်ဗျာ စာဖတ်သူ အားလုံးကို လေးစားလျှက်။

အခွင့်အရေးကျွဲမြီးများကို အမိအရ ဆွဲနိုင်ကြပါစေဗျာ ….
#credit to writer and photo

Be the first to comment

Leave a Reply

Your email address will not be published.


*