ေပ်ာက္ကြယ္လုနီးပါးျဖစ္ေနေသာ ႏြားလည္ဆီဆုံလုပ္ငန္းအေၾကာင္း

ေပ်ာက္ကြယ္လုနီးပါးျဖစ္ေနေသာ ႏြားလည္ဆီဆုံလုပ္ငန္းအေၾကာင္း

ျမန္မာ့႐ိုးရာ ႏြားလည္ဆီဆုံဆိုသည္မွာ သစ္သားဆီႀကိတ္ဆုံကို ႏြားႏွင့္တပ္ၿပီး ဆီႀကိတ္ရသည့္ဆုံကိုေခၚသည္။ စာေရးသူအေနျဖင့္ ပဲခူးတိုင္းေဒသႀကီးအေနာက္ ျခမ္းေက်း႐ြာမ်ား၌ ႏြားလည္ဆီဆုံျဖင့္ ဆီႀကိတ္ေနၾကသည္ကို ျမင္ဖူးသည္။

ယခုအခါ ႏြားလည္ဆီဆုံကို ႏြားအစား ေမာ္တာမ်ားႏွင့္ အစားထိုး လည္ပတ္ေနၾကသျဖင့္ ျမန္မာ့႐ိုးရာ ႏြားလည္ဆီဆုံလုပ္ငန္းသည္ တိမ္ေကာစ ျပဳလာၿပီ ျဖစ္သည္။ ျမန္မာ့႐ိုးရာဆီဆုံကို အေပၚယံအျမင့္ျဖင့္ၾကည့္လွ်င္ လြယ္လြယ္ေလးလုပ္၍ ရသည္ဟု ထင္ၾကေပမည္။

အေသအခ်ာ ေလ့လာၾကည့္ေသာအခါ သူ႔နည္းႏွင့္သူ ေဆာင္ရန္၊ ေရွာင္ရန္ အေၾကာင္းအခ်က္ မ်ားရွိေနသည္။ ျမန္မာ့႐ိုးရာ ႏြားလည္ဆီဆုံလုပ္ငန္းသည္ ေရွးျမန္မာမင္းမ်ား လက္ထက္ကတည္းက ရွိခဲ့သည္။

ဆီဆုံျပဳလုပ္သည့္အခါ ကုကၠိဳ၊ ထေနာင္းႏွင့္ တမာသားမ်ားကို အသုံးျပဳၾကသည္။ ကုကၠိဳ သို႔မဟုတ္ ထေနာင္း သို႔မဟုတ္ တမာသားသည္ လုံးပတ္ ၃ ေတာင္ ပတ္လည္ ရွိရၿပီး ယင္းထက္လည္း ပိုႀကီး၍ သုံးျပဳႏိုင္သည္။

ဆီဆုံျပဳလုပ္မည့္အသားကို ေ႐ြးခ်ယ္ရာတြင္ အမ်က္ႏွင့္ငါးၾကင္းၿမီးဟုေခၚသည့္ ႏွစ္ခြသဏၭာန္တို႔ ကင္းရသည္။ ဆီဆုံအေျခခိုင္ေအာင္ လုံးပတ္ ၃ ေတာင္ရွိသည့္ အျပစ္အနာအဆာကင္းေသာ ကုကၠိဳသားကို ေျမဝင္ ၄ ေတာင္၊ ေျမေပၚ ၂ ေတာင္ စုစုေပါင္းအရွည္ ၆ ေတာင္ ရွိရသည္။

ဆီ ဆုံ၏ ထိပ္ဝအက်ယ္သည္ ၁၂ လက္မ ရွိရသည္။ ဆုံ၏အတြင္းဘက္၌ ၾကက္ရင္ကို ထားေပးရသည္။ ၾကက္ရင္ဆိုသည္မွာ ႏွမ္း၊ ေျမပဲမ်ားကို ႀကိတ္သည့္အခါ က်ည္ေပြ႕စိုက္သည့္ က်င္းကေလးကို ေခၚသည္။

က်င္းကေလးက ၅ လက္မအက်ယ္ရွိရသည္။ ဆီဆုံတစ္ခုလုံး၏ အစိတ္အပိုင္းမ်ားမွာ ကား၊ ေဘာင္း၊ ထမ္းပိုး၊ သက္ေသတိုင္ႏွင့္ ဂုံးတို႔ပါဝင္သည္။

ကား ဆိုသည္မွာ ဆီဆုံႀကီးကို ပတ္ခ်ာလွည့္လည္‌ေသာ သစ္သားတုံးႀကီးကိုေခၚသည္။အရွည္ ၅ ေတာင္ခန႔္ရွိရၿပီး ျဗက္တစ္ေပခြဲခန႔္ ရွိရသည္။ ေဘာင္း ဆိုသည္မွာ က်ည္ေပြ႕ႏွင့္ ကားတို႔ကို ထိန္းသည့္အရာျဖစ္သည္။ အရွည္ ၄ ေတာင္ခန႔္ရွိၿပီး လုံးပတ္ ၄ လက္မ ပတ္လည္ရွိရသည္။

ထမ္းပိုး ဆိုသည္မွာ ႏြားကိုတပ္သည့္ သစ္သားသားတုံးကို ေခၚသည္။ သနပ္သားျဖင့္ ျပဳလုပ္ရကာ အရွည္ ၅ ေတာင္ခန႔္ရွိရသည္။လုံးပတ္မွာ ထြာဆိုင္ခန႔္ရွိရသည္။ သက္ေသတိုင္ ဆိုသည္မွာ ထမ္းပိုးကို တြဲထားသည့္ တိုင္ငုတ္ျဖစ္သည္။ အရွည္ ၃ ေပေက်ာ္ရွိရသည္။

ဂုံး ဆိုသည္မွာ ဆီဆုံရပ္နားထားစဥ္ ကားကို ေအာက္မွခံသည့္ သစ္သာေဒါက္ကိုေခၚသည္။

ယင္းေဒါက္ကို သဘာဝ သစ္ကိုင္းကိုခုတ္ၿပီး အလြယ္တကူအသုံး ျပဳေလ့ ရွိၾကသည္။ ယင္းေနရာတြင္ ႏြားလိုက္ ဆိုသည့္ ပစၥည္းတစ္ခုကလည္း မပါမျဖစ္ ပါဝင္ေနသည္… အရွည္ ၅ ေတာင္ခန႔္ရွိသည့္ သံႀကိဳ းျဖစ္သည္။ ကားႏွင့္ ထမ္းပိုးကို တြဲထားသည့္ သံႀကိဳးျဖစ္သည္။ ဆီဆုံတြင္ ေျမပဲငါးျပည္ ဆံ့သည့္ဆုံႏွင့္ ေျမပဲေျခာက္ျပည္ ဆံ့သည့္ဆုံဟူ၍ ႏွစ္မ်ိဳးရွိသည္။ တစ္ေနကုန္ ဆီႀကိတ္လွ်င္ ၁၂ ဆုံစာ ႀကိတ္ႏိုင္သည္။

ေျမပဲငါးျပည္ကို ဆီဆုံျဖင့္ႀကိတ္လွ်င္ ေျမပဲဆီႏွစ္ပိႆာ၊ ေျမပဲေျခာက္ျပည္ကို ဆီဆုံျဖင့္ႀကိတ္လွ်င္ ေျမပဲဆီ ႏွစ္ပိႆာခြဲ ရသည္။ ဆီဆုံသည္ ပန္းႏွမ္းႏွင့္ ေနၾကာတို႔ကိုလည္း ႀကိတ္၍ ရသည္။

ပန္းႏွမ္း ငါးျပည္ ႀကိတ္လွ်င္ ႏွမ္းဆီ တစ္ပိႆာခြဲ ရသည္။ ေနၾကာရွစ္ျပည္ႀကိတ္လွ်င္ ေနၾကာဆီ တစ္ပိႆာခြဲ ရသည္။

ဆီ ဆုံ ႀကိတ္ရာတြင္ ႏြားက သြက္လက္သျဖင့္ ႏြားကိုသာ အသုံးမ်ားၾကသည္။ ႏြားလည္ ဆီဆုံျဖင့္ ေျမပဲႀကိတ္လွ်င္ ႏြားအေပၚ မူတည္၍ တစ္နာရီမွ တစ္နာရီခြဲအထိ ၾကာတတ္သည္။

ဆီ မႀကိတ္မီ အေပၚေရ၊ ေအာက္ေရ ထည့္ေပး ရသည္။ ေအာက္ေရ ဆိုသည္မွာ ႀကိတ္ဆုံထဲသို႔ ေျမပဲဆန္ မထည့္မီ ၁၂ က်ပ္ခြဲသားခန႔္ အေလးခ်ိန္ရွိသည့္ ေရကို အခံေရအျဖစ္ ထည့္ေပးထားရသည္။

ေျမပဲဆန္ ထည့္ေပးၿပီးသည့္အခါ ေရ ၃၀ က်ပ္သားခန႔္ ကို ေလာင္းထည့္ ေပးရသည္။ ႏြားျဖင့္ ဆီႀကိတ္ေနစဥ္ ၁၅ မိနစ္လွ်င္ တစ္ႀကိမ္ ေရ ၃၀ က်ပ္သားခန႔္ ေလးႀကိမ္ ထည့္ေပး ရသည္။

ဆီဆုံႀကိတ္ရာတြင္ ၁၅ မိနစ္လွ်င္တစ္ႀကိမ္ ေရထည့္ေပးရျခင္းမွာ ဆီႀကိတ္သည့္အခါ ေအာက္ေရ၊အေပၚေရ မထည့္လွ်င္ ဆီလည္းမျဖစ္၊ ပဲဖတ္လည္း မျဖစ္ဘဲ ႀကိတ္ဆုံထဲတြင္ လုံးေထြးေနတတ္ေသာေၾကာင့္ ျဖစ္သည္။ ဆီတစ္ဆုံႀကိတ္လွ်င္ ေျမပဲဖတ္ႏွင့္ ႏွမ္းဖတ္ အေလးခ်ိန္ သုံးပိႆာခန႔္ ရရွိသည္။

ဆီဆုံျပဳလုပ္သည့္ အစိတ္အပိုင္းမ်ား၏ အသား(သစ္သား) မ်ားျဖစ္ေသာ ကားကို ကုကၠိဳသား၊ ေဘာင္းကို ဆီးသား၊ က်ည္ေပြ႕ကို ရွားသားႏွင့္ ျပဳလုပ္ရၿပီး သက္ေသတိုင္ကို မည္သည့္အသားႏွင့္မဆို ျပဳလုပ္၍ ရသည္။ ဂုံးကို သဘာဝ အတိုင္း သစ္ကိုင္းခြကို ခုတ္၍ သုံးေလ့ရွိၾကသည္။

အခ်ဳပ္အားျဖင့္ဆိုရပါမူ ယေန႔ေခတ္တြင္ လူသိနည္းလာၿပီး တိမ္ေကာ ေပ်ာက္ကြယ္လုနီးပါးျဖစ္ေနေသာ ျမန္မာ့႐ိုးရာ ႏြားလည္ဆီဆုံ လုပ္ငန္းအေၾကာင္းကို ဗဟုသုတရေစရန္ တေစ့တေစာင္းေရးသား တင္ျပလိုက္ရပါသည္။ မူရင္းေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။ျပန္လည္ မွ်ေဝျခင္း ျဖစ္ပါသည္။

Unicode

ပျောက်ကွယ်လုနီးပါးဖြစ်နေသော နွားလည်ဆီဆုံလုပ်ငန်းအကြောင်း

မြန်မာ့ရိုးရာ နွားလည်ဆီဆုံဆိုသည်မှာ သစ်သားဆီကြိတ်ဆုံကို နွားနှင့်တပ်ပြီး ဆီကြိတ်ရသည့်ဆုံကိုခေါ်သည်။ စာရေးသူအနေဖြင့် ပဲခူးတိုင်းဒေသကြီးအနောက် ခြမ်းကျေးရွာများ၌ နွားလည်ဆီဆုံဖြင့် ဆီကြိတ်နေကြသည်ကို မြင်ဖူးသည်။

ယခုအခါ နွားလည်ဆီဆုံကို နွားအစား မော်တာများနှင့် အစားထိုး လည်ပတ်နေကြသဖြင့် မြန်မာ့ရိုးရာ နွားလည်ဆီဆုံလုပ်ငန်းသည် တိမ်ကောစ ပြုလာပြီ ဖြစ်သည်။ မြန်မာ့ရိုးရာဆီဆုံကို အပေါ်ယံအမြင့်ဖြင့်ကြည့်လျှင် လွယ်လွယ်လေးလုပ်၍ ရသည်ဟု ထင်ကြပေမည်။

အသေအချာ လေ့လာကြည့်သောအခါ သူ့နည်းနှင့်သူ ဆောင်ရန်၊ ရှောင်ရန် အကြောင်းအချက် များရှိနေသည်။ မြန်မာ့ရိုးရာ နွားလည်ဆီဆုံလုပ်ငန်းသည် ရှေးမြန်မာမင်းများ လက်ထက်ကတည်းက ရှိခဲ့သည်။ ဆီဆုံပြုလုပ်သည့်အခါ ကုက္ကို၊ ထနောင်းနှင့် တမာသားများကို အသုံးပြုကြသည်။ ကုက္ကို သို့မဟုတ် ထနောင်း သို့မဟုတ် တမာသားသည် လုံးပတ် ၃ တောင် ပတ်လည် ရှိရပြီး ယင်းထက်လည်း ပိုကြီး၍ သုံးပြုနိုင်သည်။

ဆီဆုံပြုလုပ်မည့်အသားကို ရွေးချယ်ရာတွင် အမျက်နှင့်ငါးကြင်းမြီးဟုခေါ်သည့် နှစ်ခွသဏ္ဌာန်တို့ ကင်းရသည်။ ဆီဆုံအခြေခိုင်အောင် လုံးပတ် ၃ တောင်ရှိသည့် အပြစ်အနာအဆာကင်းသော ကုက္ကိုသားကို မြေဝင် ၄ တောင်၊ မြေပေါ် ၂ တောင် စုစုပေါင်းအရှည် ၆ တောင် ရှိရသည်။

ဆီ ဆုံ၏ ထိပ်ဝအကျယ်သည် ၁၂ လက်မ ရှိရသည်။ ဆုံ၏အတွင်းဘက်၌ ကြက်ရင်ကို ထားပေးရသည်။ ကြက်ရင်ဆိုသည်မှာ နှမ်း၊ မြေပဲများကို ကြိတ်သည့်အခါ ကျည်ပွေ့စိုက်သည့် ကျင်းကလေးကို ခေါ်သည်။

ကျင်းကလေးက ၅ လက်မအကျယ်ရှိရသည်။ ဆီဆုံတစ်ခုလုံး၏ အစိတ်အပိုင်းများမှာ ကား၊ ဘောင်း၊ ထမ်းပိုး၊ သက်သေတိုင်နှင့် ဂုံးတို့ပါဝင်သည်။

ကား ဆိုသည်မှာ ဆီဆုံကြီးကို ပတ်ချာလှည့်လည်‌သော သစ်သားတုံးကြီးကိုခေါ်သည်။အရှည် ၅ တောင်ခန့်ရှိရပြီး ဗြက်တစ်ပေခွဲခန့် ရှိရသည်။ ဘောင်း ဆိုသည်မှာ ကျည်ပွေ့နှင့် ကားတို့ကို ထိန်းသည့်အရာဖြစ်သည်။ အရှည် ၄ တောင်ခန့်ရှိပြီး လုံးပတ် ၄ လက်မ ပတ်လည်ရှိရသည်။

ထမ်းပိုး ဆိုသည်မှာ နွားကိုတပ်သည့် သစ်သားသားတုံးကို ခေါ်သည်။ သနပ်သားဖြင့် ပြုလုပ်ရကာ အရှည် ၅ တောင်ခန့်ရှိရသည်။လုံးပတ်မှာ ထွာဆိုင်ခန့်ရှိရသည်။ သက်သေတိုင် ဆိုသည်မှာ ထမ်းပိုးကို တွဲထားသည့် တိုင်ငုတ်ဖြစ်သည်။ အရှည် ၃ ပေကျော်ရှိရသည်။

ဂုံး ဆိုသည်မှာ ဆီဆုံရပ်နားထားစဉ် ကားကို အောက်မှခံသည့် သစ်သာဒေါက်ကိုခေါ်သည်။

ယင်းဒေါက်ကို သဘာဝ သစ်ကိုင်းကိုခုတ်ပြီး အလွယ်တကူအသုံး ပြုလေ့ ရှိကြသည်။ ယင်းနေရာတွင် နွားလိုက် ဆိုသည့် ပစ္စည်းတစ်ခုကလည်း မပါမဖြစ် ပါဝင်နေသည်… အရှည် ၅ တောင်ခန့်ရှိသည့် သံကြို းဖြစ်သည်။

ကားနှင့် ထမ်းပိုးကို တွဲထားသည့် သံကြိုးဖြစ်သည်။ ဆီဆုံတွင် မြေပဲငါးပြည် ဆံ့သည့်ဆုံနှင့် မြေပဲခြောက်ပြည် ဆံ့သည့်ဆုံဟူ၍ နှစ်မျိုးရှိသည်။ တစ်နေကုန် ဆီကြိတ်လျှင် ၁၂ ဆုံစာ ကြိတ်နိုင်သည်။

မြေပဲငါးပြည်ကို ဆီဆုံဖြင့်ကြိတ်လျှင် မြေပဲဆီနှစ်ပိဿာ၊ မြေပဲခြောက်ပြည်ကို ဆီဆုံဖြင့်ကြိတ်လျှင် မြေပဲဆီ နှစ်ပိဿာခွဲ ရသည်။ ဆီဆုံသည် ပန်းနှမ်းနှင့် နေကြာတို့ကိုလည်း ကြိတ်၍ ရသည်။ ပန်းနှမ်း ငါးပြည် ကြိတ်လျှင် နှမ်းဆီ တစ်ပိဿာခွဲ ရသည်။ နေကြာရှစ်ပြည်ကြိတ်လျှင် နေကြာဆီ တစ်ပိဿာခွဲ ရသည်။

ဆီ ဆုံ ကြိတ်ရာတွင် နွားက သွက်လက်သဖြင့် နွားကိုသာ အသုံးများကြသည်။ နွားလည် ဆီဆုံဖြင့် မြေပဲကြိတ်လျှင် နွားအပေါ် မူတည်၍ တစ်နာရီမှ တစ်နာရီခွဲအထိ ကြာတတ်သည်။

ဆီ မကြိတ်မီ အပေါ်ရေ၊ အောက်ရေ ထည့်ပေး ရသည်။ အောက်ရေ ဆိုသည်မှာ ကြိတ်ဆုံထဲသို့ မြေပဲဆန် မထည့်မီ ၁၂ ကျပ်ခွဲသားခန့် အလေးချိန်ရှိသည့် ရေကို အခံရေအဖြစ် ထည့်ပေးထားရသည်။

မြေပဲဆန် ထည့်ပေးပြီးသည့်အခါ ရေ ၃၀ ကျပ်သားခန့် ကို လောင်းထည့် ပေးရသည်။ နွားဖြင့် ဆီကြိတ်နေစဉ် ၁၅ မိနစ်လျှင် တစ်ကြိမ် ရေ ၃၀ ကျပ်သားခန့် လေးကြိမ် ထည့်ပေး ရသည်။

ဆီဆုံကြိတ်ရာတွင် ၁၅ မိနစ်လျှင်တစ်ကြိမ် ရေထည့်ပေးရခြင်းမှာ ဆီကြိတ်သည့်အခါ အောက်ရေ၊အပေါ်ရေ မထည့်လျှင် ဆီလည်းမဖြစ်၊ ပဲဖတ်လည်း မဖြစ်ဘဲ ကြိတ်ဆုံထဲတွင် လုံးထွေးနေတတ်သောကြောင့် ဖြစ်သည်။ ဆီတစ်ဆုံကြိတ်လျှင် မြေပဲဖတ်နှင့် နှမ်းဖတ် အလေးချိန် သုံးပိဿာခန့် ရရှိသည်။

ဆီဆုံပြုလုပ်သည့် အစိတ်အပိုင်းများ၏ အသား(သစ်သား) များဖြစ်သော ကားကို ကုက္ကိုသား၊ ဘောင်းကို ဆီးသား၊ ကျည်ပွေ့ကို ရှားသားနှင့် ပြုလုပ်ရပြီး သက်သေတိုင်ကို မည်သည့်အသားနှင့်မဆို ပြုလုပ်၍ ရသည်။ ဂုံးကို သဘာဝ အတိုင်း သစ်ကိုင်းခွကို ခုတ်၍ သုံးလေ့ရှိကြသည်။

အချုပ်အားဖြင့်ဆိုရပါမူ ယနေ့ခေတ်တွင် လူသိနည်းလာပြီး တိမ်ကော ပျောက်ကွယ်လုနီးပါးဖြစ်နေသော မြန်မာ့ရိုးရာ နွားလည်ဆီဆုံ လုပ်ငန်းအကြောင်းကို ဗဟုသုတရစေရန် တစေ့တစောင်းရေးသား တင်ပြလိုက်ရပါသည်။ မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*