ရင်သားကြီးအောင် ခွဲစိတ်မှုပြုလုပ်ရာမှ ဦးနှောက်ပျက်သွားတဲ့ မိန်းကလေး

အသက် (၁၈) နှစ်အရွယ် ကောင်မလေးတစ်ယောက်ဟာ ရင်သား ခွဲစိတ်မှုပြုလုပ်ပြီးနောက်ပိုင်း ဆိုးဆိုးဝါးဝါး ဦးနှောက်ပျက်စီးမှု ဖြစ်သွားခဲ့ကြောင်း unilad သတင်းအရ သိရပါတယ်။

အခုဆိုရင် သူမရဲ့ မိသားစုဝင်တွေဟာ အဆင်အခြင်မဲ့ ခွဲစိတ်ခဲ့တဲ့ ဆရာဝန်တွေကို တရားစွဲထားပါတယ်။

အမ်မာလင်းငုယင်အမည်ရတဲ့ အဆိုပါ ဆယ်ကျော်သက်လေးဟာ ရင်သားကြီးထွားအောင် ခွဲစိတ်ပြုပြင်ဖို့အတွက် ဒေါ်လာ (၆) ထောင် စုဆောင်းခဲ့တာပါ။

အမ်မာလင်းကို Greenwood Village မှ ဆရာဝန် ဂျော့ဖရေးကင်မ်က ၎င်းရဲ့ ကိုလိုရာဒို ပလတ်စတစ်ဆာဂျရီဆေးခန်းမှာ ခွဲစိတ်ပေးခဲ့တာ ဖြစ်ပါတယ်။

အမ်မာလင်း ခွဲစိတ်မှုပြုမှာကို မိသားစုက သိပေမယ့် တစ်စုံတစ်ရာ ပြောဆိုခြင်း မပြုခဲ့ပါဘူး။

“ကျွန်မက သူလုပ်ချင်တယ်ဆိုတော့လည်း လုပ်ပါစေပေါ့။ ကျွန်မသမီး ဒီလို ဖြစ်လိမ့်မယ်လို့ ကျွန်မ ဘယ်ထင်မလဲ။

သမီးက ဆယ်ကျော်သက်လေးပဲ ရှိသေးတာ…” လို့ စိတ်မကောင်းစွာ ဆိုပါတယ်။

ကံဆိုးစွာနဲ့ပဲ အမ်မာလင်းရဲ့ ခွဲစိတ်မှုဟာ အစီအစဉ်အတိုင်း ဖြစ်မလာခဲ့ပါဘူး။

တရားရုံးမှာ တင်ထားတဲ့ အမှုတွဲအရ အမ်မာလင်းကို သူနာပြု ရက်စ်မီကာဆိုသူက နေ့လည် (၂) နာရီအချိန်မှာ မေ့ဆေးပေးခဲ့ပါတယ်။

ပုံမှန်ဆို ခွဲစိတ်မှုဟာ (၂) နာရီသာ ကြာမှာဖြစ်ပေမယ့် ဆေးရုံက နေ့လည်ခင်းအထိ အချိန်ဆွဲထားခဲ့ပါတယ်။

မိခင်ဖြစ်သူက အချိန်တွေအရမ်းကြာလာလို့ စိုးရိမ်တဲ့အတွက် ဆေးရုံကို အကျိုးအကြောင်း မေးမြန်းခဲ့ပါတယ်။

ဒီအခါ ဆရာဝန်ကင်မ်က သူမကို အခုလို ပြောပါတယ်။

“အားလုံး အဆင်ပြေပါတယ်။ လူနာရဲ့ နှလုံးခုန်နှုန်းက ကျကျနေလို့ ကျွန်တော်တို့ သိပ်ရှေ့မဆက်နိုင်တာပါ။

ဒါပေမယ့် လူနာက အဆင်ပြေပါတယ်။ အားလုံးအဆင်ပြေပါလိမ့်မယ်။ ကောင်မလေးက ငယ်လည်း ငယ်သေးတယ်။

ကျန်းလည်း ကျန်းမာတယ်။ အဆင်ပြေပါလိမ့်မယ်။ နိုးဖို့ အချိန်နည်းနည်းပဲ လိုနေတာပါ…”

ဆရာဝန်က အခုလို နှစ်သိမ့်ပေးပေမယ့် နောက်ကွယ်က အမှန်တရားကတော့ ပိုပြီး ရှုပ်ထွေးလှပါတယ်။

ခွဲစိတ်ဖို့ သတ်မှတ်ထားတဲ့ အချိန်အတွင်းမှာ အမ်မာလင်းဟာ ပထမအကြိမ် နှလုံးရပ်ခဲ့ပြီး နှလုံးပြန်ခုန်လာပါတယ်။

နောက်ထပ်တစ်ဖန် နှလုံးထပ်ရပ်သွားခဲ့ရာကနေ အာရုံကြောတွေပါ တုံ့ဆိုင်းသွားခဲ့ရတာ ဖြစ်ပါတယ်။

သူမခွဲစိတ်တဲ့ဆေးခန်းက သူမကို သတိပြန်လည်မလား ပြန်လည်မလားနဲ့ စောင့်နေရာက အရေးပေါ်ခေါ်ဖို့ (၅) နာရီကျော်ကြာသွားခဲ့တာပါ။

အမ်မာလင်းကို Littleton Adventist ဆေးရုံမှာ တင်ခဲ့ပါတယ်။

(၂၂) ရက်လောက်ကြာတော့မှ သတိလည်လာလို့ ပြန်လည်ထူထောင်ရေးဆေးရုံကို ပို့ထားရပါတယ်။

အခုဆိုရင် ကလေးမလေးဟာ သတိရရုံအဆင့် အခြေအနေမှာပဲ ရှိနေပါသေးတယ်။

ကောင်မလေးဟာ စကားလည်း မပြောနိုင်တော့သလို လမ်းမလျှောက်နိုင်တော့ပါဘူး။

အစားလည်း ကိုယ်တိုင်မစားနိုင်သလို ကိုယ့်ကိုကိုယ်လည်း စောင့်ရှောက်မှုတွေ မပြုလုပ်နိုင်တော့ပါဘူး။

အမ်မာလင်းရဲ့ မိခင်ဖြစ်သူကတော့ သူမသမီးလေးအပေါ်မှာ ရက်ရက်စက်စက် ပြုမူခဲ့တဲ့ ဆရာဝန်နဲ့ သူနာပြုတွေကို အမှန်တရားအတွက် ဖြေရှင်းချက်ထုတ်ပေးဖို့ ဆက်လက်တောင်းဆိုလျက် ရှိနေပါတယ်။

Credit to Original