နိုင်ငံကျော်မင်းသားကြီး ဦးကျော်ဟိန်းရဲ့ သားဖြစ်ပေမယ့် ထင်ထင်ပေါ်ပေါ် မနေပဲ ရိုးရိုးရှင်းရှင်းနေခဲ့ရတဲ့ အကြောင်းအရင်းကို ဖွင့်ဟလာတဲ့ ဦးကျော်ဟိန်း ၏ တစ်ဦးတည်းသောသား နေဝင်း

မြန်မာ့ရုပ်ရှင်လောကရဲ့ နာမည်ကျော်မင်းသားကြီးတစ်ဦးဖြစ်တဲ့ အကယ်ဒမီ ငါးဆုရှင် မင်းသားကြီးဦးကျော်ဟိန်းကတော့ဦးဇင်းကြီးဘဝနဲ့သာသနာ့ဘောင်မှာ ၁၂ နှစ်တိုင်တိုင် မွေ့လျော်ခဲ့ပြီးမှ ၂၀၂၀ ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့မှာတော့ ဘဝနတ်ထံပျံလွန်တော်မူသွားခဲ့ပြီပဲဖြစ်ပါတယ်။

ဦးဇင်းကြီး ပျံလွန်တော်မူအပြီးမှာပဲ အနုပညာရှင်အများအပြားက ဝမ်းနည်းကြောင်းစကားတွေဖွင့်ဟလာခဲ့ကြပြီး နာမည်ကျော်မင်းသားကြီး ဦးကျော်သူ က မြန်မာ့ရုပ်ရှင်အစည်းအရုံးကိုဦးကျော်ဟိန်းအတွက် ရုပ်ထုထုကာ ဂုဏ်ပြုပေးဖို့ တောင်းဆိုခဲ့တဲ့အထိ မြန်မာ့ရုပ်ရှင်လောကအတွက် ဆုံးရှုံးမှု ကြီးမားခဲ့တာပါ။

ဦးကျော်ဟိန်းရဲ့ တစ်ဦးတည်းသောသားဖြစ်တဲ့ ကိုနေဝင်းကတော့ ရိုးရိုးရှင်းရှင်းနဲ့ ထင်ပေါ်ကျော်ကြားခြင်းမရှိဘဲ ဘဝကို ဖြတ်သန်းနေခဲ့တာဖြစ်ပြီး တွေ့ဆုံမေးမြန်းမှုတစ်ခုမှာတော့ ဒီလိုနေထိုင်ရတဲ့ အကြောင်းအရင်းကို

“ဦးဇင်းကြီး / ကျနော့် အဖေ က သူလုပ်ခဲ့လို့ သူနာမည် ရခဲ့တာ .. ကျနော် တို့ နာမည် ရခဲ့တာမှ မဟုတ်တာ။ ဦးဇင်းကြီး နာမည်ကြောင့် ကျနော် တို့ အကျိုးအမြတ်တွေ အကူအညီတွေ အများကြီး ရခဲ့ပေမယ့် ကျနော် သည် ဦးကျော်ဟိန်းမဟုတ်ခဲ့ဘူး။ ငါ ဦးကျော်ဟိန်း ရဲ့ သား .. လုပ်ချင်ရာ လုပ်မယ် ဆိုတာမျိုး လုပ်ခွင့် မရှိခဲ့ပါဘူး ” လို့ ပြတ်ပြတ်သားသားပဲပြောဆိုလာခဲ့ပါတယ်။

အဖေနာမည်သုံးပြီး ထင်ပေါ်ကျော်ကြားအောင်မနေခဲ့သလို ဦးကျော်ဟိန်းက ဝါသနာပါရာကိုလည်းစိတ်ကြိုက်ရွေးချယ် စေခဲ့တယ်လို့ ဆိုပါတယ်။

” အနုပညာ အလုပ်ဆိုတာမျိုးက လက်ဆင့်ကမ်းလို့ရတယ်ဆိုတာမျိုးမဟုတ်ဘူးလေ။နိုင်ငံတကာမှာလည်းဒါမျိုးမရှိဘူး။တခြားစီးပွားရေးလုပ်ငန်းတွေလို လက်လွှဲယူလို့ရတာမျိုးလည်းမဟုတ်ဘူးလေ။တကယ့်ကို ရူးသွပ်နေမှရတာ။အဖေက ကျနော့ကိုမင်းဘာစိတ်ဝင်စားလဲလို့မေးပြီးစိတ်ကြိုက်လုပ်ခိုင်းခဲ့တာလို့ ဦးကျော်ဟိန်းရဲ့ လမ်းညွန်ပေးခဲ့မှုတွေကို လည်းဖွင့်ဟလာခဲ့ပါတယ်။

ကိုနေဝင်းကအဖေဖြစ်သူ မင်းသားကြီးဦးကျော်ဟိန်း နဲ့ အမှတ်တရတွေကိုလည်း ပြန်လည်ဝေမျှခဲ့ပါသေးတယ်။ အများကို ကူညီချင်ရင် မိမိကိုယ်တိုင်က အဆင့်တစ်ခုသေချာရှိနေမှ ကူညီနိုင်မယ့်အကြောင်းလည်း သစ်တပင်ကောင်း ငှက်တစ်သောင်းနားရ ဆိုတဲ့စကားပုံလေးနဲ့ နှိုင်းယှဉ်ဆုံးမခဲ့သေးတယ်လို့ဆိုပါတယ်။

မိမိကိုယ်ကို အကောင်းဆုံး ပြင်ဆင်နေထိုင်သွားနိုင်ရုံသာမက သားဖြစ်သူကိုပါ လမ်းကြောင်းမှန်ကို ညွှန်ပြပေးနိုင်ခဲ့တဲ့ ဦးကျော်ဟိန်းရဲ့ ဘဝနေနည်းနဲ့ ဒဿန တွေကတော့ တကယ့်ကိုမှတ်သားလောက်စရာတွေပါပဲ ပရိသတ်ကြီးရေ။အားလုံးပဲ အတုယူမှတ်သားနိုင်ကြမယ်လို့လည်း မျှော်လင့်မိပါတယ်နော်