
ကနောင်မင်းသားရဲ့ မြစ်တော် “ရတနာနတ်မယ်”ရဲ့ ဘ၀ဇာတ်ကြောင်း
“ရတနာနတ်မယ်” ဟာ ကနောင်မင်းသားရဲ့ (မြစ်တော်)ဖြစ်ပါတယ်၊ ကနောင်ရဲ့ သားတော် လင်းပင်မင်းသား နဲ့ ရေနံသာခင်ခင်ကြီးတို့ရဲ့ သမီးလတ်ဖြစ်သူ ထိပ်တင်မလတ်ဟာ သြစတြေးလျနိုင်ငံသား ဘယ်လာမီ ဆိုသူနဲ့ လက်ထပ်ခဲ့ပြီး ရတနာနတ်မယ်ကို (၁၉၃၂)ခုနှစ်၊ ဇွန် (၁)ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။
ရတနာနတ်မယ်”ရဲ့ အင်္ဂလိပ်နာမည်ကတော့ (June Rose )ဖြစ်ပါတယ်။ (June )လမှာ”မွေးတဲ့အတွက် ဖခင်ကြီးက (ဇွန်နှင်းဆီ )လို့ပေးခဲ့တာပါ။ လင်းပင်မင်းသားကြီးဟာ ထိပ်တင်မလတ်ကို လူမျိုးကွဲ၊ ဘာသာကွဲနဲ့ သဘောမတူခဲ့ပါဘူး။ ဒါပေမယ့် ထိပ်တင်မလတ်ဟာ မွေးတဲ့ကလေးတွေကို ဗုဒ္ဓဘာသာ ဖြစ်စေရပါမယ်ဆိုတဲ့ ကတိပေးခဲ့ပြီး ဘယ်လာမီ ကိုယ်တိုင်ကလည်း ဘာသာရေးကို သိပ်စိတ်မဝင်စားဘဲ ထိပ်တင်မလတ်ကို လက်ထပ်ချင်စိတ် တစ်ခုသာရှိခဲ့တာကြောင့် လင်းပင်မင်းသားကြီးက သဘောမတူချင်ဘဲ တူခဲ့ရတာ ဖြစ်ပါတယ်။
ဘယ်လာမီက သမီးဖြစ်သူကို June Rose လို့ နာမည်”ပေးခဲ့ပေမယ့် ထိပ်တင်မလတ် ကတော့ ထုံးတမ်းစဉ်လာ အတိုင်း ထီးဟန်နန်းဟန် နာမည်ပေးဖို့ စဉ်းစားခဲ့ပါတယ်။ အဲဒီမှာ သူ့ခေါင်းထဲကိုရောက်လာတဲ့ နာမည်ကတော့ အဘိုးဖြစ်သူ ကနောင်မင်းသားရဲ့ မိဖုရား လှိုင်ထိပ်ခေါင်တင် ရေးတဲ့ ဝိဇယကာရီ နန်းတွင်းဝတ္ထုထဲက ရတနာနတ်မယ်မင်းသမီးလေး ဆိုတဲ့နာမည်ပဲ ဖြစ်ပါတယ်။
ဒါနဲ့ သမီးတော်လေးကို ရတနာနတ်မယ် လို့ မှည့်ခေါ်ခဲ့ပြီး လင်းပင်မင်းသားကြီးကလည်း သဘောကျ နှစ်ခြိုက်ခဲ့တယ်လို့ သိရပါတယ်။ (၁၉၄၂) ခု၊ ဒုတိယကမ္ဘာစစ် ဖြစ်၍ ဂျပန်ဝင်လာသည့်အခါ ရတနာနတ်မယ် ကလေးဘဝမှာ လင်းပင်ထိပ်တင်မလတ် တို့ဟာ ရန်ကုန်၌ ဗုံးဒဏ် ခံရ၍ အိန္ဒိယသို့ စစ်ရှောင်ကြရပါလေတယ်။
အိန္ဒိယမြောက်ပိုင်း၊ ဂင်္ဂါနှင့် ယမုံနာမြစ်တို့ဆုံရာ အလဟာဘတ် (Allahabad)မှာ အခြေချခဲ့ပါတယ်။ အသက် (၁၁)နှစ်၌ ကလင်ပုံ (Kalimpong) ရှိ စိန့်ဂျိုးဆက် သီလရှင်ကျောင်း၌ တက်ရသည်။ သာသနာပြုကျောင်းမှ သီလရှင် ဆရာမက သွေးနှောဖြစ်နေ၍ ပညာပြသည်ကို ရွဲ့ရာ ကျောင်းထုတ်ခံသည်အထိ ဖြစ်ခဲ့ရပါတယ်။
အသက် (၁၄)နှစ်အရွယ်ရောက်မှ မြန်မာပြည် ပြန်လာကာ မေမြို့ (ယခု ပြင်ဦးလွင်) ၌ နေပါတယ်။ မေမြို့ဟာ ဗြိတိသျှတို့ နွေရှောင်မြို့ဖြစ်ရာ သစ်တော သစ်ပင်များဖြင့် အုံ့ဆိုင်းနေပြီး ဖခင် ဘယ်လာမီ၏အကြိုက် ဖြစ်ခဲ့ပါတယ် ၊ မြင်းမွေးကာ မကြာမကြာ တောပစ်ထွက်၍ သစ်ခွလည်း စုတတ်ပါသည်။
လက်ကျန် ဗြိတိသျှ အသိုင်းအဝိုင်းက ဘယ်လာမီအား လက်အောက်ခံ နိုင်ငံသားဖြစ်ခြင်းကြောင့် လည်းကောင်း၊ မြင်းပွဲဒိုင်ဖြစ်ခြင်းကြောင့်လည်းကောင်း မနှစ်မြို့ကြသော်လည်း မိခင်၏တော်ဝင်မျိုးဆက်ဟူသော ခေါင်းစဉ်မှာ တစ်ခါတစ်ရံ အသုံးဝင်နေရာ အခက်အခဲ ကြီးကြီးမားမားမရှိလှပေ။
မေမြို့၊ စိန့်မိုက်ကယ်အမျိုးသမီး အထက်တန်းကျောင်း ယခု အမှတ်(၄)အခြေခံပညာ အထက်တန်းကျောင်း၌ ပညာ ဆက်သင်ပါတယ်။ စာစီစာကုံးပြိုင်ပွဲတွင် ဆုရရာ အမေရိကန်နိုင်ငံ၊ နယူးယောက်သို့ လေ့လာရေးခရီး (၃) လကြာသွားခွင့် ရခဲ့ဖူးသည်။ ရတနာနတ်မယ်ဟာ သိချင်စိတ်၊ စူးစမ်းချင်စိတ်ရှိပါတယ်။
အပြင်ပန်းမှာ အေးတိအေးစက်၊ ဘာသိဘာသာ နေလို့ မာနကြီးတယ် အထင်ခံရပေမယ့်
တစ်ကယ်တမ်းက သူဟာ ဇွဲကြီးတယ်၊ သူ့ထက်တော်ရင် ဆရာတင်ဖို့ ဝန်မလေးဘူး၊ ဘယ်သူ့အပေါ်မှာမှ ကြောလိုစိတ် ၊အမြတ်ထုတ်လိုစိတ် မရှိတဲ့သူပါ။ (၁၉၄၆)ခုတွင် (ခရမ်းရောင်လွင်ပြင်) ဟောလီဝုဒ် ရုပ်ရှင်ဇာတ်ကားတွင် ပါဝင်ရန် ကမ်းလှမ်းခံရသည်။
သို့သော် အကြောင်း မတိုက်ဆိုင်မှုများကြောင့်၎င်း၊ ထုတ်လုပ်သူဘက်မှ ယဉ်ကျေးမှုနှင့် မလျော်သော တောင်းဆိုချက်များကြောင့် ၎င်း၊ ငြင်းဆန်လိုက်ပါတယ်။ (၁၉၅၄) ခု၊ အသက် (၂၂)နှစ်တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)မှ မြန်မာနိုင်ငံ၌ တာဝန်ကျသည့် ငှက်ဖျားဆိုင်ရာ အကြံပေးဆရာဝန် (အီတာလျံလူမျိုး ) မာရီယို ပို့စတစ်လီယွန် (Mario Lucia Postiglione) နှင့် အိမ်ထောင်ကျသည်။
သားဦးမွေးပြီး ခုနှစ်လအကြာတွင် ကွန်မြူနစ်များက ခင်ပွန်းသည် မာရီယိုအား ပြန်ပေးဆွဲကာ ငွေတောင်းသည်။ ပြန်လွတ်ပြီးနောက် ကုလသမဂ္ဂ၏ အစီအစဉ်ဖြင့် ခင်ပွန်းတာဝန်ကျရာ ဒမာစကပ် (Damascus)၊ ဂျနီဗာ (Geneva) နှင့် မနီလာ (Manila) မြို့များသို့ လိုက်ပါနေထိုင်ခဲ့ပါသည်။
သားနှစ်ယောက် ထွန်းကားခဲ့ပြီး မိုက်ကယ် နှင့်မောရစ်လို့ ခေါ်ပါတယ်။ ထိပ်တင်မလတ် ရဲ့ မွေးလာတဲ့ ကလေးတွေကို ဗုဒ္ဓဘာသာဖြစ်စေရပါမယ်လို့ ခမည်းတော် လင်းပင်မင်းသားကြီးကို ထားတဲ့ ကတိဟာ မြေးတော်တွေအထိ ဆက်လက် တည်မြဲနေတယ်လို့ ပြောရမှာပါပဲ။ (၁၉၆၃) ခု၊ ဖိလစ်ပိုင်၌ ရှိနေစဉ် ဖခင်ဖြစ်သူဆုံးရာ ရန်ကုန်သို့ ပြန်လာဖြစ်သည်။
(၁၉၆၃) ခု၊ ဇွန်လရောက်သော် ရတနာနတ်မယ်ဟာ ခင်ပွန်းသည် မာရီယိုနဲ့ သဘောထားချင်း မတိုက်ဆိုင်လို့ ပြတ်စဲခဲ့ပြီး အီတလီနိုင်ငံမှာပဲ နေထိုင်ခဲ့ပါတယ်။ သားနှစ်ယောက်ဖြစ်သော မိုက်ကယ် (Michael) နှင့် မောရစ် (Maurice) တို့ကို တာဝန်ယူလိုက်ပါတယ်။ သားကြီး မိုက်ကယ်ဟာ (၁၉၉၇) ခုနှစ်က ဗုဒ္ဓဂါယာကို ဘုရားဖူးထွက်ရင်း ကားတိုက်ပြီး ဆုံးပါးခဲ့ပါတယ်။
ကွာရှင်းပြီး မကြာမီပင် မိခင်ဖြစ်သူ မကျန်းမာသည့်သတင်း ရောက်လာတယ်။ ထိုအချိန်မတိုင်မီ( ၁၉၆၂)ခုတွင် မြန်မာပြည်အား ဗိုလ်ချုပ်နေဝင်း အုပ်ချုပ်ကာ ပြည်တွင်းသောင်းကျန်းမှုများ ဖြစ်ပေါ်နေပြီ ဖြစ်သည်။ ရောမသံရုံးက မြန်မာသို့ သွားရန် ပြည်ဝင်ခွင့် မပေးနိုင်တော့ပေ။ ရတနာနတ်မယ်ဟာ ဖခင်ဘယ်လာမီ ဆုံးစဉ်ကရော၊ မိခင် ထိပ်တင်မလတ် ဆုံးပါးစဉ်ကရော သံရုံးကို အကူအညီတောင်းခဲ့ရတာတွေ ရှိခဲ့ပါတယ်။
သူအကူအညီတောင်းရတာကတော့ ဦးနေဝင်းရဲ့ ဇနီးဒေါ်ခင်မေသန်း ဆီကိုဖြစ်ပါတယ်။ ဗိုလ်ချုပ် နေဝင်း ဇနီး(ကေတီဘသန်း ) ဒေါ်ခင်မေသန်းနှင့် ပတ်သက်ပြီး ဗိုလ်ချုပ်နေဝင်းနှင့် အဆက်အဆံရှိရာ ကြေးနန်းရိုက်၍ အကူအညီတောင်းရသောအခါ ရောမလေဆိပ်၌ပင် လာကြိုမည်ဟူသောသတင်းပြန်ရသည်။
မရှေးမနှောင်းပင် မိခင်ဖြစ်သူ တိမ်းပါးကြောင်း သိရပြန်သည်။ သို့ဖြစ်ရာ မိခင်သတင်းမေး ခရီးမှသည် အရိုးကောက်ခရီး ဖြစ်သွားသည်။ ထိုကိစ္စနှင့်ပင် ဗိုလ်ချုပ်နေဝင်းနှင့် ရင်းနှီးသွားတယ်လို့ ဆိုကြပါတယ်။ နောက်တစ်နှစ် အကြာမှာတော့ ဦးနေဝင်း တစ်ယောက် ဇနီးသည် တိမ်းပါးသွားပြီး ဥရောပတိုက်ကို ရောက်လာခဲ့ချိန် မှာတော့ နှစ်ဦးသား ပေါင်းဖက်ဖို့ အကြောင်းဖြစ်လာပြန်ပါတယ်။
(၁၉၇၈) ခုနှစ်မှာ မြန်မာနိုင်ငံမှာပဲ လက်ထပ်ခဲ့ကြပြီး လက်ထပ်လို့ နောက်ငါးလအကြာမှာ နိုင်ငံအရေးမှာ သံသယပွားစရာ ကိစ္စများစွာနဲ့ လမ်းခွဲခဲ့ကြပြန်ပါတယ်။ သူမက ဦးနေဝင်းနဲ့ ရက်ပေါင်းတစ်ရာ” စာအုပ်ကို ရေးထုတ်ဖို့ ကြံရွယ်ခဲ့သေးပေမယ့် အကြောင်းကြောင်းကို ထောက်ထားပြီး မရေးဖြစ်ခဲ့ကြောင်းလည်းသိရပါတယ်။
လွန်ခဲ့တဲ့ (၂၆ )နှစ်ခန့်က မြန်မာနိုင်ငံကို ပြန်လာခဲ့ပြီး ငါးထပ်ကြီး ဘုရားစောင်းအနီးရှိ အဘိုးဖြစ်သူ လင်းပင်မင်းသားကြီး အုတ်ဂူကို လာရောက်ကန်တော့ကာ သံဃာတော် အပါး (၁၂၀)ကို ဆွမ်းကပ်လှူဒါန်းခဲ့ပါတယ်။
နာဂစ်ပြီးကာစ အချိန်ကလည်း မြန်မာပြည်ကို ပြန်လာခဲ့သေးပြီး ကယ်ဆယ်ရေးလုပ်ငန်းများမှာ တတ်နိုင်သမျှ ပါခဲ့သေးတယ်လို့ သိရပါတယ်။ ရတနာနတ်မယ်ဟာ သက်တော် (၈၉) နှစ် ( 1.12.2020) မှာ နှလုံးရောဂါနဲ့ ကွယ်လွန်သွားပြီ လို့ သိရပါတယ်။Credittowriter
Leave a Reply