” ဘုရားရှင်-ပေးဆပ်ခဲ့ရသော ဝိပါတ်တော်-၁၂ ပါး “

” ဘုရားရှင်-ပေးဆပ်ခဲ့ရသော ဝိပါတ်တော်-၁၂ ပါး “
” ဘုရားရှင်-ပေးဆပ်ခဲ့ရသော ဝိပါတ်တော်-၁၂ ပါး “

” ဘုရားရှင်-ပေးဆပ်ခဲ့ရသော ဝိပါတ်တော်-၁၂ ပါး “

“ဝဋ်မှာအမြဲ ငရဲမှာအပ”ဆိုသည့်အတိုင်း ဝဋ်ကြွေးရှိပါက မည်သူမဆို ပြန်လည်ပေးဆပ်ကြရမြဲပင်။ ကုသိုလ်အမှု့ကိုပြုပါက (ကုသလဝိပါတ် ) အကုသိုလ်အမှု့ကိုပြုပါက (အကုသလဝိပါတ်)ခံကြရပေမည်။သံသရာမှမလွတ်မချင်း မိဃာကကံဟုခေါ်သော ကုသိုလ်-အကုသိုလ်ကံတို့အကျိုးပေးခြင်းကိုခံရမည်ဖြစ်ရာ ဗုဒ္ဓဘုရားရှင်ပင်လျှင် နုစဉ်ဘဝများက ကျုးလွန်ခဲ့သော အကုသိုလ်ကံအကျိုး ဝိပါတ်-၁၂ပါးကို ဘုရားစစ်စင်ဖြစ်သည့် ဘဝ၌ပင် ပေးဆပ်ခဲ့ရပါသေးသည်။

(၁) “ပထမဝိပါတ်တော်” မေး။ ဥရုဝေလတောဝ မြိုင်ခွင် ခြောက်နှစ်ပတ်လုံးကျင့်သုံးအရှင် အားအင်ခန်းလို့ ညှိုးနွမ်းငြိုငြင် ပင်ပမ်းရေး ဝဋ်ကြွေးဘယ်ကြောင့်တင်။

ဖြေ ။ ကဿပဘုရား ထင်ရှားပွင့်သော် ဇောတိပါလနာမအကျော် ပုဏ္ဏားမာန်တက် နှုတ်မြွက်အာဘော် ဝစီပြင်းရှေ့ရင်းဝိပါတ်တော်။ ကဿပဘုရားရှင်သည် တောထွက်ခါ ဒုက္ကရစရိယာကို ၆ရက်ကျင့်ကြံကာ ဘုရားအဖြစ်သို့ရောက်တော်မူရာ ဂေါတမဘုရားလောင်း ဇောတိပါလအမည်ရှိ ဗေဒင်ကျမ်းတတ်ပုဏ္ဏားက “လောကီပညာတောင် နှစ်ပေါင်းများစွာ သင်ရသေးတာ ဗောဓိဉာဏ်ရဖို့ဆိုတာ အင်မတန်ခဲယဉ်းလှပါဘိ။

ဒီဉာဏ်မျိုးရဖို့ ၆ရက်ထဲကျင့်ရသည်မှာ မဖြစ်နိုင် ငါသာဆို ၆ နှစ်တောင်ကျင့်ကြံနိုင်သည်။”ဟု အထင်သေးစကား (မနောကံ ဝစီကံ)ဖြင့် ပြောဆိုမိခဲ့၍ ဥရုဝေလတောမှာ ဒုက္ကရစရိယာကို ၆နှစ်ကြာ ကျင့်ကြံခဲ့ရပါသည်။

(၂) “ဒုတိယဝိပါတ်တော်” မေး။ စိဉ္စမာဏ မိန်းမစေကျွန် ကိုယ်ဝန်ရှိသော ပြောဆိုအလွန် လက်သယ်ထားလို့ ဘုရားကို ညွှန်စွပ်စွဲခဲ့ အဘယ့်ဝိပါတ်ဝန်။

ဖြေ။ သောက်စားလွန်ကျုး ယစ်မူးပျော်ရွှင် သေရည်သမား ဖြစ်ငြားသခင် ရဟန္တာမြတ် ဆွမ်းရပ်သည်မြင် အကျင့်ယုတ် ဖွင့်ထုတ်စွပ်စွဲအင်။ ဗာရာဏသီပြည် ဝေဿဘူမြတ်စွာဘုရားလက်ထက် ဘုရားလောင်းသည် သူဆင်းရဲမျိုး၌ဖြစ်ကာ နေ့ညသောက်စားမူးယစ်လျှက် ဆွမ်းခံရပ်နေသော ရှင်အာနန္ဒာ အမည်ရှိ ရဟန္တာမြတ်ကို…

“သပိတ်ပိုက်ပြီး လိုက်တောင်းစားနေတာပဲ ခြေလက်အင်္ဂါပြည့်စုံပါလျှက် လုပ်ကိုင်စားလိုစိတ်မရှိ အချောင်သက်သက်လူညွန့်ခူးစားနေတယ် ကိုယ်ကျင့်သီလမရှိပဲ ရှက်စရာသိပ်ကောင်းတယ်”ဟု စွပ်စွဲပြောဆိုခဲ့သဖြင့် ဘုရားအဖြစ်သို့ရောက်သောအခါ လာဘ်လာဘပါးရှားလာသောတတ္ထိဆရာကြီးတို့က တပည့်စိဉ္စမာဏကို ငွေအသပြာပေးကာ ကိုယ်ဝန်အတုပြုလုပ်၍ ဇေတဝန်ကျောင်းတော် ပရိသတ်အလည်တွင် မြတ်စွာဘုရားအား စွပ်စွဲပြောဆိုခဲ့ပါသည်။

(၃) “တတိယဝိပါတ်တော်” မေး။ တိတ္ထိစေခိုင်း မိုက်ရိုင်းဒုဿီ ထင်ယောင်ထင်မှား ပြုငြားသုန္ဒရီ လူရှင်အပေါင်း ယုံကြောင်းပွေလီ ရှင်တော်ထွတ် ဘယ်ဝဋ်ရှေးကမှီ။

ဖြေ။ မုနာဠိဟု မည်ရှိလောင်းတော် မောက်ကြွားမှောက်မှား သောက်စားအပျော် ရှင်ပစ္စေကဗုဒ္ဓမြင်သော် ဒုဿီဘဲ စွပ်စွဲဝဋ်ကြွေးပေါ်။ ဖုဿ မြတ်စွာဘုရားလက်ထက်တွင် အလောင်းတော်သည် ‘မုဠာနိ’အမည်ရှိ အရက်သမားဖြစ်လေရာ ‘သုရဘိ’ပစ္စေကဗုဒ္ဓါကို “ဒီပုဂ္ဂိုလ်ဟာ သူ့ကျောင်းထဲမှာ
မိန်းမတွေတရုန်းရုန်းနဲ့ ပျော်ပါးနေပြီးဆွမ်းခံချိန်ကျမှ သင်္ကန်းရုံ သပိတ်ပိုက်ပြီးဣနြေ္ဒကြီးနဲ့နေတဲ့ အချောင်သမားဖြစ်သဖြင့် လှူတန်းစရာမလို”ဟုမဟုတ်မမှန်စွပ်စွဲကဲ့ရဲ့ခဲ့သည်။

ဂေါတမဘုရားအဖြစ်ပွင့်သောအခါ လာဘ်လာဘ တတ္ထိများကစေခိုင်းမှု့ကြောင့် သုန္ဒရီအား ညနေပိုင်းလူအများ ဘုရားရှင်၏ကျောင်းတော်မှအပြန် ကျောင်းသို့လာဟန်ပြုစေ၏။ နံနက်အခါလူအများကျောင်းသို့လာစဉ် ကျောင်းမှပြန်လာဟန်ပြုစေ၍ လူအများအထင်မှားအောင် ပြုခဲ့သဖြင့် အသိပညာဉာဏ်နည်းပါးသူတို့၏ အကြည်ညိုပျက်စေရန် အပြုခံရသည်။

(၄) “စတုတ္ထဝိပါတ်တော်” မေး။ သုန္ဒရီမိုက် သတ်လိုက်သေရာ တတ္ထိအသင်းသတင်းလွှင့်ကာ တပည့်များနှင့် ဘုရားကိုသာ လူအများ ယုံမှားဘယ့်တွက်တာ။

ဖြေ။ လောင်းတော်ရသေ့ပျော်မွေ့စံရာ ရသေ့တစ်ဦး ဈာန်မြူးကွန့်လာ ငြူ စူစိတ်ဇော မနောဣသာ ကျင့်ယုတ်ကြီး နှုတ်သီးချွန်သည့်တာ။ တစ်ခုသောဘဝတွင် ဘုရားအလောင်တော်သည် ဈာန်မရသော ရသေ့တစ်ပါးဖြစ်လေရာ သူ၏အနီးသို့ ဈာန်ပျံရသေ့ဆင်းသက်လာသည်ကို မနာလိုစိတ်ပြင်းထန်ကာ ပတ်ဝန်းကျင်ရှိလူများအား” ထိုရသေ့သည်ဈာန်သာရ၍ အကျင့်ယုတ်မာသူဖြစ်၏ ထိုသူမျိုးကိုကိုးကွယ်လျှင် ဘာအကျိုးမှမရနိုင် အပြစ်သာဖြစ်နိုင်သည်”ဟု မစ္ဆရိယစိတ်ဖြင့် လိမ်ညာပြောဆိုခဲ့သဖြင့် ဤဘဝတွင် တိတ္ထိတို့က သုန္ဒရီကိုသတ်မှု့အား စွပ်စွဲပြောဆိုခြင်းခံရလေသည်။ အချို့ပညာဉာဏ်နည်းပါးသူတို့၏ အကြည်ညိုပျက်မှု့ကိုလည်းခံရသည်။

(၅) “ပဉ္စမဝိပါတ်တော်” မေး။ ဝေဘာတောင်စောင်း ကျောက်မောင်းဆင်ကာ ဒေဝဒတ်ယုတ် ခလုတ်အသာ သူဖြုတ်ချလို့ ဗုဒ္ဓ္ဓခြေမှာ ကျောက်လွှာငြိ ဒဏ်ထ ဘယ်ဝဋ္ပါ။

ဖြေ။ သူကြွယ်မျိုးဇာတ် ဖြစ်လတ်တုံချေ ညီကိုလှည့်စား ခေါ်သွားသလေ ကျောက်နှင့်ဖိညှပ် ထုသတ်ကြိတ်ခြေ ကျောက်ဝိပါတ် အဆက်ပါခဲ့ပေ။ နုစဉ်ဘဝက သူကြွယ်မျိုး၌ဖြစ်ခဲ့ရာ မိဘများဆုံးပါးသွားသောအခါ ညီငယ်အားအမွေပစ္စည်းများ မပေးလို၍ တောတွင်းသို့လှည့်ဖျားခေါ်ဆောင်ကာ ကျောက်တုံးဖြင့် အသေထုသတ်ခဲ့သည်။

ဘုရားလောင်းအကိုဖြစ်သူမှာ ထိုဘဝမှကွယ်လွန်သောအခါ ငရဲကျခံခဲ့ရပြီး လူ့ဘဝရောက်လျှင်လည်း သူတစ်ပါး၏ ကျောက်တုံးဖြင့်ထုသတ်ခြင်းကိုအမြဲခံရသည်။ ယခုဘုရားဖြစ်တော်မူသောအခါ ကိဇ္ဈကုဋ်တောင်ခြေတွင် ဆွမ်းခံကြွတော်မူစဉ် အရှင်ဒေဝဒတ်က ကျောက်မောင်းဆင်ကာ အသက်ကိုလုပ်ကြံခြင်းခံရလေသည်။ ကြီးမားသောကျောက်တုံးကြီးမှ လွတ်သော်ငြား ပဲ့ထွက်လာသောကျောက်လွှာချပ်က ဘုရားရှင်၏ ခြေမတော်ကို ထိမှန်ခဲ့သည်။

(၆) “ဆဋ္ဌမ ဝိပါတ်တော်” မေး။ ကျောက်လွှာထိပါး မြတ်ဘုရားထွဋ်တင် တည်နေဝပ်ကိန်း သွေးစိမ်းအရှင် ခြေမတော်ထဲကိုက်ခဲနာကျင် ဝိပါတ်ရင်း အလင်းပြစေချင်။

ဖြေ။ သူငယ်ဖြစ်ခိုက် လမ်း၌ပျော်ရွှင် ရှင်ပစ္စေကဝေးမှအမြင် ခဲနှင့်ပစ်လိုက် ထိခိုက်ခြေတွင်သွေးယိုဆင်း ရှေးရင်းဝိပါတ်ပင်။ ရှေးနုစဉ်ဘဝ၌ ကလေးသူငယ်အရွယ် ဆော့ကစားရင်း ပစ္စေကဗုဒ္ဓါအရှင် ဆွမ်းခံကြွလာသည်ကိုမြင်သောအခါ ကလေးဘဝအတွေးဖြင့် အနားသို့မလာအောင် ခဲဖြင့်ပစ်ပေါက်လိုက်ရာ ခြေမတော်ကိုထိမှန်၍ သွေးများယိုစီးထွက်လာ၏။ ထို့ကြောင့် ရှင်ဒေဝဒတ်လုပ်ကြံသဖြင့် ခြေမတော်တွင် ကျောက်လွှာထိမှန်ကာ သွေးစိမ်းတည်၍ ကိုက်ခဲနာကျင်ခြင်းဖြစ်စေခဲ့လေသည်။

(၇) “သတ္တမ ဝိပါတ်တော်” မေး။ ဆွမ်းခံကြွမြန်း ထိပ်ပန်းဘုန်းကြွယ် မုန်ကျဆင်ကြီးခရီးအလယ် ဒေဝဒတ်မိုက် လွှတ်လိုက်ပြန်တယ် ရင်ဆိုင်တွေ့ ဆင်ဝှေ့ဘယ်ဝဋ်နှယ်။

ဖြေ။ ဆင်ထိန်းဆင်ကျောင်း အလောင်းဖြစ်တုံ ရှင်ပစ္စေကက လမ်းမအဆုံ ဒေါသထားကာပြစ်မှားသုန်မှုန် ဆင်နှင့်တိုက် ဝဋ်လိုက်စေဖို့ကြုံ ။ ရှေးဘဝက ပြည်ူ့ရှင်မင်း၏ ဆင်ဦးစီး(ဆင်ထိန်း)ဖြစ်ခဲ့ရာ ဆင်ကျောင်းရာမှ မြို့ထဲသို့ပြန်လာစဉ် ပစ္စေကဗုဒ္ဓါအရှင်တစ်ပါး ဆွမ်းခံကြွလာခိုက်နှင့် လမ်းတွင်ကြုံလေသည်။ လမ်းဖယ်ပေးဖို့ပြောရာ ကြွမြဲအတိုင်းကြွနေသဖြင့် ဒေါသဖြစ်ကာ ဆင်ကိုချွန်းဖြင့် တအားထိုးစိုက်ချလေ၏ ထိုအခိုက်ပစ္စေကဗုဒ္ဓါအရှင်မြတ်က ကောင်းကင်သို့ပြန်တက်သွားရာ အပေါ်ရုံသင်္ကန်းမြေသို့ ကျကျန်ခဲ့လေသည်။

ဆင်လည်း ဒေါသထွက်ကာ ထိုသင်္ကန်းကိုစိစိညက်ညက်ကြေအောင် နင်းချေလေ၏။ထို့ကြောင့်ယခုဘဝတွင် ရာဇဂြိုလ်မြို့တွင်း ဆွမ်းခံကြွလေရာ ရှင်ဒေဝဒတ်က အရက်ကိုးမောင်းမူးအောင်တိုက်ထားသော နာဠာဂီရိဆင်ကြီးသည် ဘုရားရှင်ရှိရာသို့ပြေးလာရာ သားငယ်မိခင်တစ်ယောက်သည် ကလေးကိုချ၍ ထွက်ပြေးရာနောက်သို့ လိုက်လေသည်။ ထိုအခါဘုရားရှင်က ရောင်ခြည်တော်ခြောက်သွယ်ကွန့်မြူးစေပြီး မဟာဂရုဏာတော်ဖြင့်မေတ္တာပို့လွှတ်ရာ ပြေးနေရာမှ ဆင်ဆိုးကြီးအမူးပြေကာ ဘုရားရှင်ရှေ့တွင် ဒူးထောက်ဝပ်ချရှိခိုးလေသည်။

(၈) “အဋ္ဌမ ဝိပါတ်တော်” မေး။ ကျောက်လွှာခတ်လို့ သွေးဓါတ်ဆူပူ ခြေမတော်ဦး ထွတ်ဖူးဆူဆူ သွေးညိုကိန်းလို့ကျိန်းစက်တော်မူ ဇီဝက ခွဲရဘယ်ဝဋ်ဟူ။

ဖြေ။ ပဒေသရာဇ် မင်းဖြစ်စဉ်ဝယ် မူးယစ်သောက်စားဖောက်ပြားမဖွယ် လူရှင်လတ်လတ် ထိုးသတ်ပြန်တယ် ဓါးဝိပါတ် အဆက်သူကနွယ် အတိတ်ဘဝ ဘုရင်ဧကရာဇ်မင်းမြတ်ဖြစ်ခဲ့စဉ်က မူးယစ်သောက်စားပျော်ပါးကာ လူစိတ်ကင်းမဲ့ပြီး သတိလက်လွတ်ဖြစ်ကာ အပြစ်မဲ့သောမင်းမှု့ထမ်းတစ်ဦးကို ဓါးဖြင့်ထိုးသတ်ခဲ့လေသည်။ ထို့ကြောင့်ကျောက်လွှာထိမှန်သော ခြေမတော်တွင် သွေးစိမ်းတည်ကာ သွေးပုပ်ပြည်ပုပ်တို့ကြောင့် ကိုက်ခဲနာကျင်မှု့ကို ပျောက်ကင်းအောင် သမားတော်ဇီဝကက ဓားဖြင့်ခွဲထုတ်ပေးခြင်းခံရလေသည်။

(၉) “နဝမ ဝိပါတ်တော် “မေး။ သုံးလူ့ထွဋ်ဖူး မြိုက်မှုးသျှောင်ကေ ရံဖန်ခါလဲခေါင်းခဲကာနေ ဝေဒနာဝဋ် မလွတ်ပါချေ ဘယ်ဝိပါတ်အဆက်ပါခဲ့ပေ။

ဖြေ။ ရှေးခါကပ်ဟောင်း မကောင်းကံဆော် တံငါမျိုးဇာတ် ဖြစ်လတ်ပါသော် ငါးတို့ဦးခေါင်း ထုထောင်းင်ပျြော် ဝမ်းမြောက်မိ လိုက်သည့်ဝိပါတ်တော်။ နုစဉ်ဘဝ တံငါသည်မိသားစုတွင် ကေဝဋ်အမည်ရသူဖြစ်ခဲ့သည်။

မိဘဆွေမျိုးများက ဖမ်းဆီးရမိပြီးငါးများကို ပြန်ရောင်းရန် ခေါင်းကိုထုသတ်နေသည်ကို အနီးမှရပ်ကြည့်ကာ ဝမ်းသာအားရကြေနပ်နေခဲ့ဖူး၏။ ယင်းမနောကံဝဋ်ကြွေးကြောင့် ဘုရားဖြစ်သောအခါ ရံဖန်ရံခါ ခေါင်းတော် ကိုက်ခဲခြင်းဝေဒနာကို ခံစားရလေသည်။

(၁၀) “ဒဿမ ဝိပါတ်တော်” မေး။ ဝါတော်ကပ်သော် မာရ်နတ်နှိုးဆော် ဝေရဉ္ဇာတိုင်း သမိုင်းအကျော် မုယောဆွမ်းမို့ ကြမ်းတမ်းထော်ထော် ဘုန်းပေးရ ရှေးကဘယ်ဝဋ်နော်။

ဖြေ။ မထင်မရှား မျိုးသားဖြစ်တုံ ရဟန်းတော်များဆွမ်းစားခိုက်ကြုံ ဆွမ်းကြမ်းစားဟု ပြစ်မှားဆိုပုံ ဝစီထွက်ဝိပါတ်တော်တဲ့ယုံ။ မထင်မရှားနုစဉ်ဘဝက ကဿပဘုရားရှင်၏ တပည့်သာဝကများကို “သလေးဆန်ကောင်းကိုမစားကြနဲ့ မုယောဆန်ကြမ်းကိုသာစားကြ”ဟု အပြစ်တင်ပြောဆိုခဲ့ရာ ယခုဘဝတွင် ဝေရဉ္ဇာပြည်တွင် ရဟန်းတော် ၅၀၀ နှင့်အတူ ဝါဆိုတော်မူစဉ် မာရ်နတ်၏ဝင်ရောက်နှောင့်ယှက်မှု့ကြောင့် တိုင်းသူပြည်သားများဆွမ်းလောင်းရန် မေ့လျော့နေကြလေသည်။ ထိုအခါမြင်းကုန်သည်တို့က မြင်းကိုကျွေးသည့် မုယောဆွမ်းဖြင့်သာ တစ်ဝါတွင်းလုံး ဘုန်းပေးသုံးဆောင်ခဲ့ရသည်။

(၁၁) “ဧကဒဿမ ဝိပါတ်တော်” မေး။ အထွဋ်ဆုံးဟု သုံးလူ့မျက်မှန် ခါးတော်ကိုက်ခဲအသည်းအသန် ဝေဒနာအား ခံစားရံဖန် ဘယ်အကြောင်း ကံဟောင်းထုတ်လို့ပြန်။

ဖြေ။ လက်ဝှေ့သတ်ကောင်း အလောင်းကျော်မော် ပြိုင်ပွဲဆိုင်လည်း နိုင်မြဲထင်ပေါ် နိုင်လျှင်ခါးရိုးရိုက်ချိုးမြေပေါ် အသတ်ကောင်းဇာတ်ဟောင်း ဝိပါတ်တော်။ ဗာရာဏသီပြည်တွင် ဝါမနအမည်ရှိ လက်ဝှေ့အကျော်အမော်တစ်ဦးဘဝတွင် သူ၏ပြိင်ဘက်များကိုအနိုင်ထိုးကာ ခါးရိုးကိုမြေဖြင့်ရိုက်ချိုးကာ လဲကျအောင်သတ်ပုတ်ခဲ့သဖြင့် ဘုရားဖြစ်သောအခါ ရံဖန်ရံခါ ခါးတော်ကိုက်ခဲခြင်းဝေဒနာကို အပြင်းအထန်ခံစားရလေသည်။

(၁၂) “ဒွါဒဿ မ ဝိပါတ်တော်” မေး။ ဆဒ္ဒန်ဆယ်စီး အားကြီးလျင်မြန် ဝမ်းတော်သွန်ငြား ရွှေအားမသန် ခွေယိုင်နွမ်းကာ မြန်းခဲ့နိဗ္ဗာန် ဖြေစေကြောင်း ကံဟောင်းသိစေရန်။

ဖြေ။ ရောဂါကုစား သမားဉာဏ်ကျယ် ရှင်သူဌေးသား ဆေးကုရာဝယ် ခမပေးလို့ ဟိုရှေးခါမယ် ဝမ်းလားဆေး တိုက်ကျွေးဝဋ်ဟောင်းသွယ်။ ရှေးဘဝက ကျွမ်းကျင်သော ဆေးဆရာတစ်ဖြစ်ရာဘဝ၌ သူဌေးသားတစ်ဦးကို ဆေးကုသပေးခဲ့သည်။ ရောဂါပျောက်ကင်းသောလည်း မပျောက်သေးဟုပိုက်
ဆံမပေးလိုသဖြင့် လိမ်ညာပြောရာ ဆေးတစ်ခွက်စာကျန်သေးသည်ဟုဆိုကာ ပြင်းထန်သောဝမ်းနှုတ်ဆေးကိုတိုက်ကျွေခဲ့ရာ သူဌေးသားလည်းဝမ်းအသွားလွန်၍သေဆုံးလေသည်။

ထို့ကြောင့် စုန္ဒဒကာ၏ဤဆွမ်းကို ဘုန်းပေးတော်မူပြီးနောက် ဝမ်းတော်လားလေရာ သမားတော်ဇီဝကက ဆေးတိုက်သော်လည်း”ဇီဝကသင့်ဆေးတွေသောက်သော်လည်း အကျိုးမထူးတော့ပေ ရှေးဝိပါတ်ကြုံလာခဲ့ပေပြီ”ဟုတားမြစ်ကာ ပရိနိဗ္ဗာန်ပြုတော်မူခဲ့လေသည်။

– ဝိပါတ်တော်ရေး ကြောက်သွေးတုန်ဖွယ်ဘုရားသော်လည်း ရှောင်လွှဲမဖယ်တွေ့ကြုံမြဲမို့ တဝဲလည်လည်မလွတ်သေး ဝဋ်ကြွေး ခက်လှတယ်။ ကြင်နာထောက်ထား သနားမျှော်ခေါ် ကုသိုလ်ပွားမှု့ အားပြုကြသော် ညှင်းပမ်းနှိပ်စက် ကံရမ်းပျက်ချော် ရှောင်ကြဉ်ရေး ဝဋ်ကြွေးစင်ဖို့မျှော်။ { ထေရ အပဒါန် ပါဠိတော် မှ }မူရင်းရေးသားသူအား လေးစားစွာခရက်ဒစ်ပေးပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*